လွိုင်ကော် ၂၀ နို၀င်ဘာ
ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၉)ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာ တွင် တစ်ရက်လျှင် စွန့်ပစ်အမှိုက်တန်ချိန်(၃၂)တန်ကျော် ထွက်ရှိလာသည့်အတွက် စည်ပင်သာယာရေး ကော်မတီမှ အမှိုက်သိမ်း ယာဉ်များဖြင့် ဝန်ဆောင်မှုပေးနေရကြောင်း သိရပါသည်။
"လွိုင်ကော်မြို့နယ်က လမ်းသွားလမ်းလာအပြင် နီးစပ်ရာပြည်သူတွေ အမှိုက်ကို စည်းမဲ့ကမ်းမဲ့ ပစ်တာတွေ မဖြစ်စေဖို့ ရပ်ကွက်တွေမှာ အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်အောင် အမှိုက်ပုံး (၁၅၀) ထားရှိပြီး စည်ပင် သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်(၁၂)စီး၊ အရေးပေါ်အမှိုက်သိမ်း ယာဉ်(၃)စီးနဲ့ ထော်လာဂျီ(၂)စီး တို့နဲ့ အမှိုက်တွေကို နေ့စဉ်လိုက်လံသိမ်းဆည်းပြီး (၄)မိုင်အမှိုက်ပုံနေရာသို့ မီးရှို့ဖျက်ဆီးခဲ့တယ်" လို့ လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး အမှုဆောင်အရာရှိ ဦးသန်းထွန်းက ပြောသည်။
လွိုင်ကော်မြို့အတွင်း မြို့ပေါ်(၁၉) ရပ်ကွက်နဲ့ ကျေးရွာ (၄) ရွာအတွက် တစ်ဖွဲ့ကို တစ်ပတ်မှာ သုံးကြိမ် အမှိုက်သိမ်းဆည်းပေးပြီး Covid-19 ကာလအတွင်းမှာ ခါတိုင်းတေးသံသာလေးနဲ့ Covid Mask နဲ့ပတ်သက်တဲ့ အသိပညာပေးသီချင်းလေးနဲ့ အိမ်တိုင်ရာရောက်အမှိုက် သိမ်းယာဉ်တွေနဲ့ စီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ (၂၄) ရက်ကွက်အပြင် စည်ပင်အဖွဲ့ပိုင်နေရာ၊ Quarantine Centre နေရာတွင် ပိုရှိလာတာကြောင့် အရင်ကထက် ၀န်ဆောင်မှုလုပ်ပေးနေကြောင်း၊ လွိုင်ကော်မြို့စည်ပင် သာယာရေးအဖွဲ့အနေနဲ့ တစ်ရက်လျှင် အမှိုက် (၃၂) တန် ထွက်ပြီး တစ်လလျှင်(၈၃၂) တန်၊ တစ်နှစ်လျှင် တန်(၉၉၀)ထွက်ပြီး တန်တစ်ထောင်လောက် အမှိုက်ထွက်တယ်လို့ ပြောလို့ရကြောင်း လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်း ပြောကြားချက်အရ သိရသည်။
ကိုစိုင်း (လွိုင်ကော်)


