လွိုင်ကော်မြို့နယ်ရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ပထမဆုံးအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်

လွိုင်ကော်  ၃၁  ဇန်နဝါရီ    


ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကိုယ်ဝန်ဆောင် မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးသူငယ်များ ဘဝအစ ပထမရက် (၁၀ဝ၀) ကာလအတွင်း အာဟာရဆိုင်ရာ ရလဒ်များ တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ၂၀၁၈ - ၂၀၁၉ ခုနှစ်၊ လွိုင်ကော်မြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပထမဆုံးအကြိမ် ငွေကြေးထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

123


အခမ်းအနားတွင် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးချန်ပဲ့က အဖွင့်အမှာစကားပြောကြားပြီး လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်မြင့်အောင် က MCCT တွင် အကျုံးဝင်သည့် အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ကြေးပေးရခြင်းနှင့် ပတ်သက်သည်များကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းက ထောက်ပံ့ကြေး ပေးအပ်ရာတွင် ရသင့်ရထိုက်သူများ မကျန်အောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း ပူးပေါင်းဆောင်ရွက် ပေးလိုကြောင်း ထောက်ပံ့ကြေး လျှောက်ထားရာတွင် လျောက်လွှာပုံစံတွင် ဖြည့်သွင်းရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးချန်ပဲ့နှင့် တာဝန်ရှိသူတို့က ကိုယ်ဝန်ဆောင် မိခင်များ၊ ကိုယ်စားထုတ်ယူသည့် တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ကြေးများ အသီးသီးပေးအပ်သည်။


နိုင်ငံတော်အနေဖြင့် ကယားပြည်နယ်တွင် မြို့နယ် (၇) မြို့နယ်မှ ကိုယ်ဝန်ဆောင်မိခင် (၃၃၁၂) ဦးနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ် (၈၄၉) ဦး၊ စုစုပေါင်း (၄၁၆၁) ဦးတို့အတွက် ထောက်ပံ့ငွေ စုစုပေါင်း (၁၇၄,၁၅၀,ဝ၀ဝ) ကျပ်၊ တစ်ထောင့်ခုနှစ်ရာ လေးဆယ့်တစ်သိန်း ငါးသောင်းကျပ် ထောက်ပံ့ပေးခဲ့ပြီး ယခု အခမ်းအနားတွင် လွိုင်ကော်မြို့ရှိ ကိုယ်ဝန်ဆောင်မိခင် (၁၂၄၅) ဦးနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ် (၃၈၂) ဦး၊ စုစုပေါင်း (၁၆၂၇) ဦးတို့အား ထောက်ပံ့ငွေစုစုပေါင်း (၆၆,၂၄၀,ဝ၀ဝ)ကျပ်၊ ခြောက်ရာ့ခြောက်ဆယ့် နှစ်သိန်း လေးသောင်းကျပ်ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးချန်ပဲ့၏ ပြောကြားချက်အရ သိရသည်။


ကိုစိုင်း (လွိုင်ကော်)