နေပြည်တော်၊  ၂၇ ဒီဇင်ဘာ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးနဲဘက်မှ လွိုင်ကော်ဘက်သို့ မူးယစ်ဆေးဝါး ပမာဏ အများအပြား သယ်ဆောင်လာမည် ဖြစ်ကြောင်း သတင်းအရ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ် ကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီတွင် SKAT အမျိုးအစား မော်တော်ယာဉ် ရောက်ရှိလာသဖြင့် အဆိုပါယာဉ်ကို  လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက် နံနက် ၄ နာရီခွဲက လွိုင်ကော်မြို့နယ်၊ လွိုင်ကော်-ဆီဆိုင်သွားကားလမ်း၊ လွယ်တမူ ကျေးရွာအနီးတွင် ကြိုတင်စောင့် ဆိုင်းနေသည့် ပိတ်ဆို့ရေး အဖွဲ့နှင့်ပူးပေါင်း၍ ၎င်းမော်တော်ယာဉ်အား တားဆီးစစ်ဆေးရာ ယာဉ်မောင်း ထွန်းနိုင်(ခ)မောင်စိ မောင်းနှင်၍ ခွန်းမာချယ်သိန်း လိုက်ပါလာသည်ကိုတွေ့ရပြီး ယာဉ်၏ကိုယ်ထည် ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ် ထည့်သွင်းသယ်ဆောင်လာသည့် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်  တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၅၀,၀၅၅ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ထွန်းနိုင်(ခ)မောင်စိ၊ ခွန်းမာချယ်သိန်း တို့ကို ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိ စိတ်ကြွရူးသွပ် ဆေးပြားများကို ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့ နယ်မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။ 

(သတင်းစဉ်)