လွိုင်ကော်    နိုဝင်ဘာ   ၁

 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ စာသင်ကျောင်း (၇) ကျောင်းအား ယနေ့ မနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါကျောင်းဖွင့်လှစ်နေမှုကို  ကယားပြည်နယ်အစိုးရအဖွဲ့ ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ဝန်ကြီးဗိုလ်မှူးကြီးမြင့်ဝေ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး တို့ကကျောင်းဝန်းအတွင်း ရေစီးရေလာကောင်းမွန်စေရန် ရေမြှောင်းများရှိ အမှိုက်များ ၊ ခြုံနွယ်များရှင်းလင်းရန်နှင့် ကျောင်းသူ၊ ကျောင်းသားများ စာသင်ခန်းအတွင်း ကိုဗစ်စည်းကမ်းအတိုင်း သတ်မှတ်အကွာအဝေးဖြင့် သင်ကြားစေရေး စသည်တို့ကို  မှာကြားခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများအား  နှာခေါင်းတို့ဖတ် (Swab) ယူခြင်းများဆောင်ရွက်နေမှုကို ကြည့်ရှုကာ လိုအပ်သည်များမှာကြားခဲ့သည်။

 

ဆက်လက်၍ ကျောင်းများဖွင့်လှစ်နိုင်မှုနှင့် စပ်လျဉ်း၍ “ ကျောင်း (၇)ကျောင်းတွင် အ.ထ.ကကျောင်း (၅)ကျောင်း၊ အား/ကာသိပ္ပံကျောင်း နဲ့ အ.လ.က ဒေါတမကျောင်း ၊  လောလောဆယ်တော့ ဒီကျောင်း (၇)ကျောင်းပဲဖွင့်သေးတယ်။ ကျောင်းသားလက်ခံနိုင်မှု အင်အားပေါ်မူတည်ပြီးမှ ဒီကျောင်းတွေမှာ ပေါင်းသင့်ရင်လည်းပေါင်းမယ်။ ထပ်ပြီးမှ ဖွင့်နိုင်တဲ့အခြေအနေရှိတဲ့ ကျောင်းတွေိကိုလည်း ထပ်မံဖွင့်သွားမည် ” ဟု လွိုင်ကော်မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

 

ကျောင်းများဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ Mask တပ်ဆင်စေခြင်း၊ Mask မပါသူများကို အခမဲ့ပေးဝေခြင်း၊ လက်ဆေးခြင်း၊ သတ်မှတ်အကွာအဝေးအတိုင်း သွားလာစေခြင်း၊ နှာခေါင်းတို့ဖတ်ယူ၍ ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)