လွိုင်ကော်  ၂၄   မတ်    

 

COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ အလွန်လျင်မြန်စွာ ကူးစက်တတ်သောရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန် ကြေညာထားသောကြောင့် အဆိုပါ ရောဂါ ကူးစက်ခြင်းမရှိစေ ရန်ရည်ရွယ်၍ COVID-19 ရောဂါ စောင့်ကြပ်စစ်ဆေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်လျက် ရှိကြောင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ  ပြည်နယ် ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ချပြရှင်းလင်းခဲ့သည်။

 

2

 

ရှေးဦးစွာ ကယားပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က COVID-19 နှင့်ပတ်သက်ပြီး စောင့်ကြပ်စစ်ဆေး ကာကွယ်ထိန်းချုပ်ရေး ကော်မတီဖွဲ့စည်းထားရှိမှု အခြေအနေများ၊ လေယာဉ်ကွင်း၊ ကားဂိတ်၊ ဈေး၊ ဟိုတယ်များတို့တွင် အသိပညာပေး လုပ်ငန်းများအနေဖြင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ခြင်း၊ နယ်စပ်ဂိတ်များ ဖြစ်သည့် ရှားတော၊ မယ်စဲ့မြို့နယ် များတို့တွင် စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ပွဲလမ်းသဘင်များ၊ အခမ်းအနားများ လူစုလူဝေးများ ဖြစ်စေသည့်အရာများကို အတတ်နိုင်ဆုံး လျှော့ချရန်နှင့် COVID-19 နှင့်ပတ်သက်ပြီး ပြည်သူလူထုအတွင်း အသိပညာပေး လုပ်ငန်းများကိုလည်း တွင်ကျယ်စွာ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပြည်နယ်ပြည်သူ့ ဆေးရုံအနေဖြင့် နှီးနွယ်ဌာနများဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ နိုင်ငံခြားမှလာသော ဧည့်သည်များတွင် ရောဂါပိုး ပါလာမည်စိုးသောကြောင့် ဟိုတယ်များတွင် စာရင်းကောက်၍ ကျန်းမာရေး ဆေးစစ်မှုများ သွားရောက် ပြုလုပ်ခဲ့ကြောင်း၊ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ စသည့်ရောဂါဖြစ်ပွားနေသည့် နိုင်ငံမှ ပြန်လာသူများအား သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ စောင့်ကြည့်ခြင်းများ၊ စောင့်ကြည့်ကာလအတွင်း ဖျားနာခြင်းများဖြစ်ပေါ်ပါက အမြန်ဆုံး သတင်းပို့ပေးကြရန် ၊ ရောဂါအများအပြား ဖြစ်ပွားလာပါက ချက်ခြင်းကုသပေးနိုင်ရန် ပြည်နယ်အစိုးရ၏ ပံ့ပိုးမှုဖြစ် ကျန်းမာရေး အထောက်အကူ ပစ္စည်းများ၊ အရေးပေါ် ဆေးကုသဆောင်များ၊ လူနာထားရှိမည် နေရာများအား ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ဒါ့အပြင် ဒေါက်တာဌေးလွင်က “ ပွင့်ပွင့်လင်းလင်းပြောရရင် ဖြစ်နိုင်ချေရှိတဲ့ ကူးစက်ရောဂါတွေဟာ ကျွန်တော်တို့လူတွေ သွားပြီးအလုပ်လုပ်နေကြတဲ့ ထိုင်း၊ မလေးရှားမှာလည်း ရောဂါတွေ ဖြစ်တယ်။ သူတို့တွေက နွေရာသီမှာ ကျွန်တော်တို့နိုင်ငံသားတွေ အကုန်လုံး ပြန်ဝင်လာ ကြတယ်။ မတော်မဆ ဝင်လာလို့ ရောဂါအများအပြား ဖြစ်လာရင် ကျွန်တော်တို့စောင့်ရှောက်နိုင်အောင် ကုသပေးနိုင်အောင် စီစဉ်ထားခြင်းဖြစ်ပါတယ်။ လောလောဆယ် လူနာ ၅ ယောက်ပဲရှိပေမယ့် လက်ရှိ ပြင်ဆင်ထားပြီးတဲ့ ကုတင်က ၂၅ လုံးရယ် အရေးပေါ်ကုသပေးဖို့ ကုတင် ၈ လုံး ၃၃လုံးရှိတဲ့ အပြင် နောက်ထပ်ကုတင် အလုံး ၆၀ စာ အခန်းတွေ ပြင်ဆင်ထားပါတယ်။ ဒါက ပြည်နယ်အစိုးရအဖွဲ့ရဲ့ပံ့ပိုးမှု သိန်း ၉၇၃ ကျန်တဲ့ဆေးနဲ့ ဆေးပစ္စည်းတွေဝယ်ဖို့ ပြည်နယ်အစိုးရက ပံ့ပိုးပေးတဲ့အတွက် ကျွန်တော်တို့ အမြန်ဆုံး ဆောင်ရွက်နေတာ ဖြစ်ပါတယ် လက်ရှိ ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံကနေ ပြည်နယ်အတွင်းမှာ ဝင်ရောက်မှုရှိပါက နေထိုင်အိမ်မှာ ၁၄ ရက်ကြာ စောင့်ကြည့်စစ်ဆေးတာကို လိုက်နာရမှာဖြစ်သလို လိုက်နာမှုမရှိပါက အုပ်ချုပ်ရေးပိုင်းနဲ့ကျန်းမာရေးအပိုင်းတို့ ပူးပေါင်းပြီး ထိန်းကျောင်းသွားမယ်။ “စောင့်ကြပ်ကြည့်ရှုလို့ ၁၄ ရက်အတွင်းမှာ လူနာဟာ Covid-19 ဆိုတဲ့ သံသယဖြစ်ဖွယ်လက္ခဏာ ချောင်းဆိုးတယ် ဖျားလာတယ် အသက်ရှုကြပ်တာတွေ မောတာတွေဖြစ်လာရင် ချက်ချင်း ဆေးရုံကုသမှု ခံယူရမှာ ဖြစ်ပါတယ် ပြောသည်။

 

သူနာပြု‌ ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးဝင်းက လူစုလူဝေး ရှောင်ရှားရမှာဖြစ်တဲ့အတွက် ဆေးကုသမှု ခံယူနေတဲ့ ဆေးရုံကြီးမှာ တတ်နိုင်သမျှ လူနာစောင့်နည်းနည်းသာ လာစေချင်တယ်ဟု ပြောသည်။

 

5

 

ထို့နောက် တက်ရောက်လာကြသည့် ဆရာ/မများက ဆေးရုံတက်ရောက်ကုသခံနေသည့် လူနာများတွင် လူနာစောင့်အဖြစ် အတတ်နိုင်ဆုံး တစ်ဦးထက် ပိုမစောင့်ကြရန်၊ COVID-19 နှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက် လာသူများက သိရှိလိုသည်များကိုမေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် ရောဂါဖြစ်ပွားပါက အရေးပေါ် ဆေးကုသဆောင်များ၊ လူနာထားရှိမည် နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။

 

ကိုစိုင်း (လွိုင်ကော်)