လွိုင်ကော် ၁၆  စက်တင်ဘာ 

 

၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြား ရာတွင် တိုင်ဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ လျက် ရှိပါကြောင်း၊ ကမ္ဘာပေါ်တွင်ရှိသော သက်ရှိအားလုံးအတွက် မရှိမဖြစ် အရေးကြီးဆုံး အိုဇုန်းလွှာသည် အအေးပေးစက်ပစ္စည်းများတွင် အသုံးပြုသော ဓါတုပစ္စည်းကြောင့် ပျက်စီးကြောင်းကို ၁၉၇၄ ခုနှစ်က စတင်လေ့လာတွေ့ရှိခဲ့ပါကြောင်း၊ အိုဇုန်းလွှာဆိုသည်မှာ ကမ္ဘာ့လေထုလွှာ အထက်မှ နေရောင်ခြည်ထဲတွင် ပါဝင် သော ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူကာကွယ် ပေးနေခြင်း ဖြစ်ပါကြောင်း၊ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတု ပြောင်းလဲလာမှု အန္တရာယ်များမှ အိုဇုန်းလွှာက ကာကွယ်ပေးထားပါကြောင်း၊ ထိုအိုဇုန်းလွှာ ပေါက်ပြဲလာမှုကို ကမ္ဘာ့နိုင်ငံများက ဆွေးနွေးညှိနှိုင်း ကာကွယ်ထိန်းသိမ်းလာခဲ့သည်မှာ ၃၂ နှစ်ရှိပြီ ဖြစ်ပါ၍ တစ်စတစ်စ ပိုမိုကောင်းမွန်လာပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်မှစ၍ ကမ္ဘာ့အိုဇုန်းလွှာနေ့ အခမ်းအနားများကို ကျင်းပလာခဲ့ပါကြောင်း၊ ကမ္ဘာ့အိုဇုန်းလွှာနေ့ကို ဂုဏ်ပြုသည့်အနေနှင့် မိမိတို့ပတ်ဝန်းကျင်တွင် သစ်ပင်စိုက်ပျိုး ပေးခြင်းဖြင့် ကမ္ဘာကြီး ပူနွေးလာမှုကို ထိန်းသိမ်းကာကွယ်ပေးကြ၍ အိုဇုန်းလွှာပျက်စီးမှုကို ဖြစ်စေသည့် ဓါတုဗေဒပါဝင်သော အအေးပေး စက်ပစ္စည်း အသုံးပြုမှုများကို လျော့ချ၍ ထိန်းသိမ်းကာကွယ်ပေးကြရန် တိုက်တွန်း ပြောကြား ခဲ့သည်။

 

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး၊ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးတို့က  ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့မှ ကျောင်းသားကျောင်းသူများအား ဆုများအသီးသီးပေးအပ်ခဲ့ကြပြီး တက်ရောက်လာသူများက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော ပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

 

လွိုင်ကော်သား