လွိုင်ကော် ၈ သြဂုတ်
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ၌ လွိုင်ကော်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန်ရေး၊ ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင် ပြည်သူများ သတ်မှတ်ရက်အတွင်း အချိန်မီ မဲပေးနိုင်ရေး၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ မဲစာရင်း ကပ်ထားကြေညာနေမှုနှင့် ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနေမှုကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲစာရင်းမှန်ကန်ရေး မြို့နယ်စစ်ဆေးရေးအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်ကော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲစာရင်း မှန်ကန်ရေး မြို့နယ်စစ်ဆေးရေး အဖွဲ့ဝင်များသည် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေး စာရေးများ ပြုစုထားရှိပြီးဖြစ်သည့် မဲဆန္ဒရှင်စာရင်းများတွင် အိမ်ထောင်စု လူဦးရေစာရင်း မှန်ကန်မှုရှိ/ မရှိ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားပါအချက်အလက် မှန်ကန်မှုရှိ/မရှိ၊ မဲစာရင်း၌ အမည်(သို့မဟုတ်)နေရပ်နှင့် စပ်လျဉ်းသည့် ဖော်ပြချက်များ မှားယွင်းမှုရှိ/မရှိ၊ မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှု ရှိ/မရှိ အိမ်တိုင်ရာရောက် ကွင်းဆင်းတိုက်ဆိုင် ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)တွင် ဖြည့်စွက်၍ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲသို့ အချိန်နှင့်တစ်ပြေးညီ ပေးပို့စေရေး ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ်တွင် မဲရုံပေါင်း ၇၅ ရုံး၊ မဲဆန္ဒရှင် ၉၅၉၁၇ ဦးရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်း ထံမှသိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)