ကယားပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၁၃၈၀ ခု စာဆိုတော်နေ့အထိမ်းအမှတ် ကယားပြည်နယ် စာပေအနုပညာပွဲတော် ဖွင့်ပွဲအခမ်းအနားကို လွိုင်ကော်မြို့ ကယားပြည်နယ် ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး က အဖွင့်အမှာစကား ပြောကြားရာတွင် “မျက်စိကန်းတာက တစ်ဦးတစ်ယောက်ပဲ နစ်နာပါတယ်၊ ဦးနှောက် အသိကန်းရင် မျိုးဆက်တစ်ခုလုံးနစ်နာမယ်၊ ဒါကြောင့်ဦးနှောက်အသိ မကန်းရအောင် စာဖတ်ဝါသနာကို ပျိုးထောင်ပါ၊ အကယ်၍ မိမိအပြင် မိမိနေထိုင်ရာ နိုင်ငံနှင့် မိမိနှင့်ပတ်သက် ဆက်နွယ်ရာ လူ့ကမ္ဘာကြီး ကောင်းမွန်စွာ ပြောင်းလဲတိုးတက်စေလိုလျှင် ပတ်ဝန်းကျင်မှ လူငယ်များ၊ သူငယ်ချင်းများ မိတ်ဆွေများကိုပါ စာဖတ်ခြင်း ဝါသနာကို ဝိုင်းဝန်း ဆွဲဆောင်ပျိုးထောင်ပေးကြပါ၊ ထို့အပြင် ခေတ်နဲ့အညီ ကွန်ပျူတာနှင့် အင်တာနက်တွင်ပါ ဖတ်ရှုသည့် အလေ့အကျင့် ရရှိလာအောင် ဝိုင်းဝန်း၍ တတ်အားသရွေ့ ကူညီလမ်းညွှန် ပေးကြစေလိုကြောင်း၊ စာဖတ်သော တိုင်းပြည်နဲ့လူမျိုးတိုင်းက တိုးတက်ကြီးပွားသလို တိုးတက်ကြီးပွားတဲ့ တိုင်းပြည်နဲ့လူမျိုးက စာဖတ်ကြပါကြောင်း” ဖြင့် ပြောကြားသည်။
ဆက်လက်ပြီး ကယားပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရာဇာဝင်း က ၁၃၈၀ ပြည့် စာဆိုတော်နေ့အထိမ်းအမှတ်ကို အကြောင်းပြုပြီးတော့ ကယားပြည်နယ် အတွင်းမှာရှိတဲ့ ကျောင်းသား/ ကျောင်းသူ လူငယ်မောင်မယ်တွေ၊ တိုင်းရင်းသားပြည်သူလူထုတွေ စာဖတ်ရှိန်ပွင့်လင်းနိုးကြားလာစေဖို့၊ စာဖတ်နှုန်းမြှင့်မားလာစေဖို့ ၊ စာပေအသိဉာဏ် တိုးတက်လာစေဖို့ရည်ရွယ်ပြီး စာပေအနုပညာပွဲတော်ကို ပြုလုပ်ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခြေခံပညာ ကျောင်းများ၏ စကားရည်လုပွဲ ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များက စာအုပ်ဈေးရောင်းပွဲတော်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အခမ်းအနားသို့ ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင်၊ ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ စာပေဝါသနာရှင်များ တက်ရောက်ကြသည်။
အဆိုပါ ပွဲတော်ကို နိုင်ငံ၏ နောင်အနာဂတ်မှာ ခေါင်းဆောင်ကောင်းများ ဖြစ်လာကြမည့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ဉာဏ်ရည် ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ တီထွင်ဖန်တီး လိုစိတ်များ ရင့်သန် လာစေရန်နှင့် နှုတ်မှုရေးရာ ပြောဆိုနိုင်သည့် စွမ်းရည်များ မြင့်မားလာစေရန်၊ စာပေနှင့်ထိတွေ့ ရင်းနှီးခွင့်ရပြီး စာဖတ်ဝါသနာ ပါလာစေရန်၊ စာဖတ်ခြင်းကို စိတ်ဝင်စားလာပြီး စာဖတ်အားကိုမြင့်မား လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဒီဇင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလေး