လွိုင်လင်၊ ၁၀   ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့တွင်းရေသုံးစွဲသူပြည်သူများ ရေပြတ်လပ်မှု မရှိစေရေး၊ အလေအလွင့် ဆုံးရှုံးမှုမရှိစေရေးတို့အတွက် ယခင်သွယ်တန်းထားသော  CI ပိုက်များအစား PVC ပိုက်များဖြင့် အစားထိုးလှဲလှယ်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ပထမပတ်မှ စတင် ဆောင်ရွက်လျက်ရှိသည်။

 

လွိုင်လင်မြို့တွင်း ရေပေးဝေခြင်းလုပ်ငန်းများကို မြို့၏အနောက်မြောက်ဘက်ရှိ ၄ မိုင်ခန့်အကွာ  နောင်တောင်းရေကန် မှ ၁၉၆၇ ခုနှစ်မှ စတင်ကာ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် ရေပေးဝေခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခင်သွယ်တန်းထားသော CI ပိုက်များသည် နှစ်ကာလကြာမြင့်ပြီး ဆွေးမြေ့ပေါက်ပြဲမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် PVC ပိုက်များဖြင့် အစားထိုးလဲလှယ်ဆောင်ရွက်ရန် ဘဏ္ဍာနှစ်အလိုက် ရှမ်းပြည်နယ်အစိုးရ၏ ထောက်ပံ့မှုရန်ပုံငွေ၊ မြို့နယ်စည်ပင်သာယာရေးဌာန ရန်ပုံငွေများဖြင့် လျာထားဆောင်ရွက်လျက်ရှိသည်။

 

ယခုအခါ မြို့တွင်းရေပိုက်လိုင်း အသစ်လဲလှယ်ခြင်းလုပ်ငန်း အရှည်ပေ ၃၀ဝ၀ဝ ကျော် ဆောင်ရွက်ပြီး ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြို့တွင်းလုပ်ငန်းများအားလုံး ပြီးစီးမည်ဖြစ်ကာ လက်ရှိ ရေပေးဝေရေး လုပ်ငန်းကို Sub Main Water Meter Group System စနစ်ဖြင့် ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

 

မိုးလွင်ဦး(လွိုင်လင်)