လွိုင်လင် ၂၂ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ တောင်နောက်ကျေးရွာအုပ်စု၊ နောင်ယာဆိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ က နောင်ယာဆိုင်း ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးစကားဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ယင်းနောက် လွိုင်လင်မြို့နယ် ပညာရေးမှူး ဦးစိုင်းသန်းလူ က လက်ရှိပညာရေးစနစ်အကြောင်း၊ ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံရေး၊ ကျေးရွာများတွင် မူလတန်းကျောင်းအဆင့်မှ မူလွန်ကျောင်း အဆင့်တိုးမြှင့်ရရှိရေး ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ပတ်သက်၍လည်းကောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးနေလင်း က မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရမည့်နည်းလမ်းများ၊ သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ထောက်ပံ့ပေးသည့် အခြေအနေများကိုလည်းကောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနေဦး က ကျန်းမာရေးဆိုင်ရာကြိုတင်ကာကွယ်မှု နှင့် ကုသရေးလုပ်ငန်းများ၊ ကျေးလက်နေပြည်သူများ ကျန်းမာရေးအသိရှိကြရန် ကျေးလက် ကျန်းမာရေး ဌာနခွဲ ဖွင့်လှစ်နိုင်ရေးကိစ္စများကိုလည်းကောင်း၊ လွိုင်လင်မြို့နယ်စာရေးဆရာမ ဒေါ်သန်းသန်းညွန့် က ပြည်သူများ စာပေအသိရှိကြစေရန် စာဖတ်ခြင်းအလေ့အထများ မွေးမြူကြရန်နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်လျော့ချရေးဆိုင်ရာ အသိပညာ ဗဟုသတများနှင့် ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စကားဝိုင်းသို့ တက်ရောက်လာကြသည့် တောင်နောက် ကျေးရွာအုပ်စုအတွင်းရှိ နောင်ယာဆိုင်းရွာ၊ စံခတ်ရွာ၊ ထန်များရွာ၊ လုံဖီရွာ၊ ဝမ်နားရွာနှင့် ပန်တန်ကျေးရွာများမှ ပြည်သူများက သက်ဆိုင်ရာဌာနများ၏ ရှင်းလင်းပြောကြားမှုအပေါ် သိလိုသည်များ၊ မရှင်းလင်းသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်၊ ပြန်/ဆက်)