လွိုင်လင် အောက်တိုဘာ ၂၉

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်​၊ လွိုင်လင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအချောထည် ပြုလုပ်နည်းသင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၈ ရက်က နားယမ်းကျေးရွာအုပ်စု၊ တိဟေးကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် လွိုင်လင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်မင်းထိုက်က သင်တန်းသူ/သားများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးသောအတတ် ပညာများကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချကာ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေ လိုကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက သင်တန်းသူ/သားများကို သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ရာ သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

 

အဆိုပါသင်တန်းသို့ လွိုင်လင်မြို့နယ်အတွင်းရှိ တိဟေးကျေးရွာ၊ ကောင်းမှုဗွာကျေးရွာ၊ တွန်ဟိုင်း ကျေးရွာ၊ နားယမ်းကျေးရွာတို့မှ သင်တန်းသူ/သူသား(၂၀) ဦး တက်ရောက်ကြပြီး သင်တန်းတွင် ပက်လက်ကုလားထိုင်၊ ပလိုင်းတောင်း၊ စားပွဲ၊ ခမောက်၊ Tissue box၊Phone stand၊ တိုင်ကပ်နာရီ၊ မီးအိမ်၊ ဘောပင်ခွက် ပြုလုပ်နည်း စသည့်သင်ခန်းစာများကို ကျွမ်းကျင်ဆရာ(၂)ဦး အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ စာတွေ့၊ လက်တွေ့ (၁၅) ရက်ကြာ အခမဲ့သင်ကြားပို့ချ‌ပေးခဲ့ကြောင်း လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်မင်းထိုက်ထံမှ သိရသည်။

မောင်ခိုင်(ကျေး/လက်)