လွိုင်လင် နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုံတန်၊ တွန်တီး ကျေးရွာနှစ်ရွာရှိ လယ်ယာမြေဧက ၁၀၀၀ ကျော်မှ လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီ ရောက်ရှိစေရေးရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း နှစ်လမ်းဖောက်လုပ်နိုင်ရေးအတွက် လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးတိုင်းတာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးတိုင်းတာရာတွင် လွိုင်လင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဦးအောင်ကျော်ဟိန်းနှင့် ဝန်ထမ်းများက ကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းဖောက်လုပ်မည့်မြေပြင်အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးတိုင်းတာခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဒုံတန်ကျေးရွာတွင် လမ်းအရှည် ၁ မိုင်ရှိသော ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း၊ တွန်တီး ကျေးရွာတွင် လမ်းအရှည် ၁ မိုင် ၂ ဖာလုံရှိသော ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ်သန်း ၆၀ ကျော်ဖြင့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်ပေးနိုင်ရေးအတွက် လျာထားတင်ပြပြီးဖြစ်ပြီး အဆိုပါကျေးရွာ နှစ်ရွာရှိကုန်ထုတ်လမ်းနှစ်လမ်းဖောက်လုပ်ပြီးစီးသွားပါက လယ်ယာမြေဧက ၁၀၀၀ ကျော်မှ လယ်ယာ ထွက်ကုန်များသည် လွိုင်လင်၊ ပင်လုံ၊ နမ့်စန်၊ တောင်ကြီးမြို့များရှိ စျေးကွက်သို့ အချိန်မီ ရောက်ရှိလာမည်ဖြစ်ကြောင်း လွိုင်လင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဦးအောင်ကျော်ဟိန်းက ပြောသည်။

ငြိမ်းသူ