လွိုင်လင်၊ ၂၂ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှု အောက်ရှိ လွိုင်လင်၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ ကွန်ဟိန်း၊ မိုင်းရှူး၊ နမ့်စန်မြို့နယ် ၇ခုတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ ရုံးလုပ်ငန်းများလုပ်ဆောင်ရာတွင် အဆင်ပြေ လွယ်ကူစေ ရန်ရည်ရွယ်၍ ရုံးလုပ်ထုံးလုပ်နည်းနှင့် ဘဏ္ဍာရေးသင်တန်းကို ဇွန် ၂၁ရက် နံနက် ၁၀နာရီက လွိုင်လင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် လွိုင်လင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန့်က အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ သင်တန်းတွင်ပို့ချပေးမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်ကြပြီး ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများထံသို့ ရုံးလုပ်ငန်း လက်စွဲ စာအုပ်နှင့် သင်ထောက်ကူပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
အဆိုပါ ရုံးလုပ်ထုံးလုပ်နည်းနှင့် ဘဏ္ဍာရေးသင်တန်းတွင် မြို့နယ် ၇မြို့နယ်မှ အမှုထမ်းဝန်ထမ်း ၁၇ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းတွင် ရုံးလုပ်ငန်းသဘောတရားများ၊ ဝန်ထမ်းစည်းမျဥ်း စည်းကမ်းဆိုင်ရာ ခံစားခွင့်နှင့်ပြစ်ဒဏ်များ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ငွေစာရင်းထိန်းသိမ်းနည်းနှင့် ဘဏ္ဍာရေး စည်းမျဥ်းစည်းကမ်းအစရှိသည်များအား သင်တန်းနည်းပြ ၉ဦးက ၁၀ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ


