လိုင်လင်းပီ၊ ၁၉ ဇန်နဝါရီ
ချင်းပြည်နယ် မတူပီခရိုင် လိုင်လင်းပီမြို့နှင့် ရေဇွာမြို့ လမ်းဦးစီးဌာနပိုင်လမ်းအား ယခင်ထက် ပိုမိုကောင်းမွန်ပြေပြစ်သည့်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရန်အတွက် နေပြည်တော်၊ လမ်းတိုင်းတာ ရေးအဖွဲ့ (၂)ဖွဲ့မှ ကွင်းဆင်းတိုင်းတာလျက်ရှိသည်။
ယခုကဲ့သို့ ကွင်းဆင်းတိုင်းတာဆောင်ရွက်ရသည့် အကြောင်းရင်းများနှင့်ပက်သက်၍ “ဆောက်လုပ်ရေး ဝန်ကြီးဌာန ရုံးချုပ်မှ လူကြီးတွေရဲ့ ညွှန်ကြားချက်လည်းပါတယ်။ ပြီးတော့ ဒီချင်းပြည်နယ်ကနေ တိုင်းတာရေးအဖွဲ့အနေနှင့် လာရောက်တိုင်းတာပေးဖို့ အကြောင်းကြားပါတယ်။ ဒါ့ကြောင့် လာရောက် တိုင်းတာကြတာဖြစ်တယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီး လမ်း၊ လေယာဉ်ကွင်းဒီဇိုင်းနှင့် ပုံထုတ် ဌာနမှ မြေတိုင်း-၁ ဦးအောင်မြတ်နှင့် မြေတိုင်း- ၂ ဦးမောင်မောင်လွင်တို့၏ ပြောပြချက်အရ သိရသည်။
လမ်းတိုင်းတာရေးအဖွဲ့မှ မြေပြင်ကွင်းဆင်းတိုင်းတာသည့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေ များနှင့်ပက်သက်၍ မြေတိုင်း-၁ ဦးအောင်မြတ်က “ရေဇွာ-လိုင်လင်းပီလမ်းဟာ တောင်ပေါ် ဒေသဖြစ်တဲ့အတွက် လမ်းအတက်အဆင်း၊ အကွေ့အကောက်တွေများတယ်။ အဲဒီနေရာတွေကို ပိုမိုကောင်းမွန်ပြေပြစ်ဖို့အတွက် Geometric design ဝင်ရန်နှင့် Road design ပြုလုပ်နိုင်ဖို့ ရှိပြီးသားလမ်း တစ်ဖက်တစ်ချက် မီတာ(၃၀) ခန့်အတွင်းမှာရှိတဲ့ အသေးစိတ်မြေပြင် အချက်အလက် တွေကို ဒေတာစုံရရှိအောင် တိုင်းတာတယ်။ နောက်ထပ် လိုအပ်ရင် လိုအပ်သလို ကျွန်တော်တို့က လမ်းအူကြောင်းအသစ်တွေ ရှာဖွေတိုင်းတာတဲ့လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ရတယ်။ ပြီးတော့ တိုင်းတာပုံထုတ်ပြီးတဲ့ လမ်းအူကြောင်းကို သတ်မှတ်တည်ဆောက်ဖို့အတွက် Temporarily Branch Mark (TBM) peg လေးတွေထည့်သွင်းတည်ဆောက်ထားတဲ့ အနီရောင် သစ်သားငုတ်တိုင်လေးတွေကို တစ်မိုင်လျှင် (၂)ငုတ်နှုန်းနှင့် စိုက်ထားတယ်။ အဲဒီ TBM peg လေးတွေပေါ်မှာ coordinate (ကိုဩဒိနိတ်) တန်ဖိုးလေးတွေနှင့် မြေပြင်အနိမ့်အမြင့်တန်ဖိုးလေးတွေ မှတ်သားထားပေးခဲ့တယ်။ နောင်တစ်ချိန် လမ်းအဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေ လမ်းတာချဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့အချိန်မှာ အဲဒီအမှတ် အသားလေးတွေကို ကြည့်ပြီး ပိုမိုအဆင်ပြေစွာနှင့် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ပြောပြသည်။
အဆိုပါ ရေဇွာ-လိုင်လင်းပီလမ်းတိုင်းတာရာ၌ နယ်မြေခံဆောက်လုပ်ရေး လမ်းဦးစီးဌာနနှင့် မြို့မိ မြို့ဖများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြကြောင်း သိရသည်။
ယာကမ် (ပြန်/ဆက်)


