ရန်ကုန်  ၁၀  နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းတာဝန် ထမ်းဆောင်ရန် မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၉ ဦးတို့သည် နိုဝင်ဘာ ၉ ရက်‌တွင် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။

အဆိုပါအဖွဲ့အား လှိုင်တက္ကသိုလ်ဝန်း၊ လှိုင်ကုတင်(၅၀၀)ဆံ့၊ ကိုဗစ်-၁၉ ကုသရေးစင်တာ တာဝန်ခံ ဒေါက်တာ ရဲမြင့်အောင်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်တို့က ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ကြသည်။ 

အဆိုပါ ကုသရေးစင်တာတွင် ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်၊ မွန်ပြည်နယ်တို့မှ ကြက်ခြေနီစေတနာ လုပ်အားရှင်များသည်လည်း စက်တင်ဘာ ၁၄ ရက်မှ နိုဝင်ဘာ ၉ ရက်အတွင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ စီစဉ်မှုဖြင့် အလှည့်ကျ ပူးပေါင်းတာဝန်ထမ်းဆောင်ခဲ့ကြသည်။

ယခုရောက်ရှိသော မကွေးတိုင်းဒေသကြီး မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင်(၃၉)ဦးကို ရေနံချောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကျော်စိန်မြ ဦးဆောင်ကာ လှိုင်ကုတင် (၅၀၀)ဆံ့၊ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ဒီဇင်ဘာ ၅ ရက်အထိ ကူညီဆောင်ရွက်ပေးသွားကြမည်ဖြစ်သည်။

မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပူးပေါင်းတာဝန် မထမ်းဆောင်မီ ကျန်းမာရေး စစ်ဆေးခြင်းကို ပြုလုပ်ခဲ့ကြပြီး နိုဝင်ဘာ ၁၀ ရက်ညမှ စတင်ကာ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

ဝင်းအောင်(MRCS)