ရန်ကုန် ၂၅ မေ
ကိုဗစ်-၁၉ ရောဂါ ပြည်သူလူထုအတွင်း ကူးစက်မှုမရှိစေရေး ကွင်းဆင်းရှာဖွေ ဆောင်ရွက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွန်မှု၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၏ စီမံခန့်ခွဲမှုနှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်သူများအား အလိုအလျောက် ကိုယ်အပူချိန်တိုင်းစက် (Infrared Thermal Detection Unit) တပ်ဆင်ထားသော မော်တော်ယာဉ်ကြီးများဖြင့် တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးမှုကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ၌ ဆောင်ရွက်သည်။
လှိုင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက “ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိခဲ့တဲ့လမ်းထဲက ပြည်သူတွေကို အဓိကထားပြီး ကျန်းမာရေးစစ်ဆေးမှုနဲ့အတူ ကျန်းမာရေး စစ်တမ်းတွ ကောက်ယူတာပါ။ နေအိမ်တွေမှာ နေမကောင်းဖြစ်နေတဲ့ သူတွေရှိရင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့အတွက် ဆောင်ရွက်တာ ဖြစ်ပါတယ်။ အခုလိုဆောင်ရွက်ခြင်းအားဖြင့် လမ်းထဲနေပြည်သူတွေ အနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိတ်ချယုံကြည်မှုတွေ ရှိသွားမယ်။ ရောဂါဖြစ်ပွားနိုင်မယ့် အနေအခြေကိုလည်း ဟန့်တားလိုက်သလို ဖြစ်သွားမှာပါ” ဟု ပြောသည်။
ထိုသို့ဆောင်ရွက်မှုအနေဖြင့် ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သီရိ (၅) လမ်းရှိ အိမ်ထောင်စု ၁၈၁ စုမှ လူဦးရေ ၆၈၂ ဦးနှင့် အမှတ်(၁၆) ရပ်ကွက်၊ မာလာ မြိုင် (၈)လမ်းရှိ အိမ်ထောင်စု ၃၅၀ မှ လူဦးရေ ၁၁၉၅ ဦး တို့ကို ကြိုတင်ကောက်ခံထားသည့် မိသားစုကျန်းမာရေး စစ်တမ်းများအား ကြည့်ရှုစစ်ဆေးကာ အလိုအလျောက် ကိုယ်အပူချိန်တိုင်းစက် (Infrared Thermal Detection Unit) တပ်ဆင် ထားသော မော်တော်ယာဉ်ကြီး များဖြင့် တစ်ဦးချင်း ကျန်းမာရေး စစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့အစည်းများက ပြည်သူများအား ကျန်းမာရေး စစ်တမ်း ကောက်ယူမှုပုံစံ စာရွက်များကို ကြိုတင်ဖြန့်ဝေကာ မိသားစုအလိုက် ကျန်းမာရေးဆိုင်ရာ အချက်အလက် ကောက်ယူမှုများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဆောင်ရွက်မှုအပေါ် လှိုင်မြို့နယ်၊ အမှတ်(၁၆) ရပ်ကွက်၊ မာလာမြိုင်(၈)လမ်းနေ ကိုဟန်ခိုင်စိုးက “စစ်ဆေးရ မယ်ဆိုတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ထူးခြားမှုတွေများ ထွက်လာမလားဆိုပြီး စိုးရိမ်စိတ်တော့ ဖြစ်မိတယ်။ စစ်ဆေးလိုက်တော့လည်း ကျန်းမာရေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်ယုံကြည်မှုတွေ ရှိလာသလို ခံစားရတယ်။ အခုလိုဆောင်ရွက်ချင်းဟာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် ထိရောက်မယ်လို့မြင်ပါတယ်” ဟုပြောသည်။
အဆိုပါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ နှစ်ဦးတွေ့ရှိထားသည့်အတွက် ထိုကဲ့သို့ဆောင်ရွက်မှုနှင့် အတူ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းအပြင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာ ပေးလှုပ်ရှားမှုများကို သက်ဆိုင်ရာအဖွဲ့ အစည်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အတည်ပြုလူနာ အများဆုံး တွေ့ရှိထားသော အင်းစိန်မြို့နယ် အပါအဝင် မရမ်းကုန်း၊ တာမွေ၊ လှိုင်သာယာမြို့နယ်တို့တွင် မြို့နယ်အဆင့်အနေဖြင့် ဆောင်ရွက်ခဲ့သည့် အပြင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု အတည်ပြုလူနာ တွေ့ရှိထားသော မြို့နယ်အများစုတွင် အတည်ပြုလူနာနေထိုင်သည့် လမ်းနှင့် ရပ်ကွက်များအတွင်း ထိုသို့ စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ခဲ့သည်။
အလားတူ အတည်ပြုလူနာတွေ့ရှိထားသည့် မြို့နယ်များတွင် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်


