နေပြည်တော် ၂၆ ဩဂုတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် ဩဂုတ် ၂၅ ရက်က Facebook လူမှုကွန်ရက်အား အသုံးပြု၍ ငွေကြေးလိမ်လည်သူအား အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဩဂုတ် ၂၅ ရက် ညနေ ၅ နာရီက Facebook လူမှုကွန်ရက်၌ Facebook Online Police Force စာမျက်နှာအား အသုံးပြု၍ Cyber မှုခင်းများအတွက် တိုင်ကြားသည့် ပြည်သူများအား ယုံကြည်အောင်ပြောဆိုကာ ဖုန်းအမှတ် ၀၉ xxxxxxxxx ဖြင့် လှိုင်မြို့နယ် (၁၆)ရပ်ကွက် ပါရမီစိန်ဂေဟာ မြေညီထပ်ရှိ Wave Money ဆိုင်မှ ငွေများထုတ်ယူလျက်ရှိကြောင်း သတင်းအရ အမှတ်(၆)မှုခင်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က အဆိုပါ Wave Money ဆိုင်၌ စောင့်ဆိုင်းနေခဲ့ကြောင်း၊ ထိုစဉ် ၎င်းဆိုင်သို့ ငွေကျပ် ၁ သိန်း လာရောက်ထုတ်ယူသူ အဆိုပါရပ်ကွက်၊ တိုက်(၂၆)နေ မင်းသန့်ကျော် (ခ) ဖိုးသား (၃၁)နှစ်အား တွေ့ရှိရ၍ ခေါ်ယူစစ်ဆေးရာ ဖုန်းအမှတ် ၀၉ xxxxxxxxx နှင့် ၀၉ xxxxxxxxx ဆင်းကတ် ၂ ခု ထည့်ထားသော လက်ကိုင်ဖုန်း ၁ လုံးအား သိမ်းဆည်းရမိခဲ့ပြီး ဖုန်းအတွင်းတွင် Facebook Online Police Force စာမျက်နှာအား ဖွင့်လှစ်အသုံးပြုထားသည်ကို တွေ့ရှိရကြောင်း၊  Wave Money ဆိုင်မှ ထုတ်ယူသည့် ငွေကျပ် ၁ သိန်းမှာ အမျိုးသမီး ၁ ဦးအား Cyber မှုခင်းဖော်ထုတ်ပေးမည်ဟု လိမ်လည်ပြောဆိုကာ တောင်းခံခဲ့သဖြင့် ၎င်းထံလွှဲပေးသော ငွေဖြစ်ကြောင်းနှင့် ၎င်း၏ နေအိမ်သို့ ဆက်လက်ဝင်ရောက်ရှာဖွေရာ Laptop ၁ လုံး၊ မန်မိုရီကတ်/စတစ် ၃ ခုအား သိမ်းဆည်းရမိခဲ့သောကြောင့် မင်းသန့်ကျော်(ခ)ဖိုးသားအား လှိုင်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား