လှိုင်သာယာ ၁၇ နိုဝင်ဘာ

လှိုင်သာယာ ပြည်သူ့ဆေးရုံကြီး တိုးချဲ့ခုတင် (၅၀၀)ဆံ့ (၄)ထပ်ဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 

2601

 

အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

 

2695

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုးချဲ့ခုတင် (၅၀၀)ဆံ့ (၄)ထပ်ဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆေးရုံအုပ်ကြီးတို့က ခုတင် (၅၀၀)ဆံ့ (၄)ထပ်ဆောင်သစ် ဆောက်လုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ချက်များ၊ လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးတွင် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် အခြေအနေများအား အသီးသီးပြောကြားခဲ့ကြသည်။

 

2644

 

လှိုင်သာယာပြည်သူ့ဆေးရုံကြီး (၄)ထပ်ဆောင် ဖွင့်လှစ်ရခြင်းသည် များပြားသော မြို့နယ်နေပြည်သူများ၏ ကျန်းမာရေးအား လွှမ်းခြုံနိုင်ရေးနှင့် ဧရာဝတီတိုင်းဒေသကြီး၏ အရေးပေါ်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေး ရည်ရွယ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်ကြောင်း သိရသည်။

မောင်မောင်တာ(ပြန်/ဆက်)