ရန်ကုန် အောက်တိုဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် လမ်းထောင့်၊ အနော်ရထာစက်မှုဇုန်ရှေ့ရှိ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်၍ တည်ဆောက်ပြီးစီးသည့် ရေဂါလံ (၂) သိန်းဆံ့ ရေစုကန်၊ ရေတွန်း စက်၊ အဆောက်အဦများ၊ အိမ်ရာ ရှေ့ကွန်ကရိလမ်း၊ ရေစုကန်ရေမြောင်းနှင့် မြေယာရှုခင်း ဆောင်ရွက်ထားမှုများကိုလည်းကောင်း၊ တည်ဆောက်ဆဲ အဆောက်အဦများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်ဝန်ကြီးတို့သည် ရန်ကုန်မြို့တော်ခန်းမ ပထမထပ်ရှိ အစည်းအဝေး ခန်းမကြီး၌ ကျင်းပပြုလုပ်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ e-Government Applied Training အမှတ်စဉ် (၁၃) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်၍ မြို့တော်ဝန်က သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ယခုဖွင့်လှစ်ခဲ့သည့် e-Government Applied Training အမှတ်စဉ် (၁၃) သင်တန်းသို့ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဌာနများနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတို့မှ ဝန်ထမ်း သင်တန်းသား (၂၅) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄) ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)