ရန်ကုန် ၃ ဇူလိုင်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ နေအိမ်လှေကားပေါ်မှ လိမ့်၍ ပြုတ်ကျပြီး ဆေးကုသမှုခံယူစဉ် သေဆုံးမှုကို ဇူလိုင် ၁ ရက်နေ့က ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဒုရဲအုပ် ကျော်စိုးမိုး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့မရဲစခန်း တာဝန်မှူး တာဝန် ဆောင်ရွက်နေစဉ် လှိုင်သာယာပြည်သူ့ဆေးရုံ၌ ရင်ဘတ်နှင့်နောက်ကျော ဒဏ်ရာများဖြင့် လူတစ်ဦး ဆေးရုံတက်ရောက်ကုသစဉ် သေဆုံးသွားကြောင်း သိရသဖြင့် ဒုရဲမှူး ခင်မောင်ထွန်း၊ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ ဦးဇော်မျိုးဝင်း ဖြစ်ကြောင်း သိရှိရပြီး ဖြစ်စဉ်အား စုံစမ်းမေးမြန်းရာ ဦးဇော်မျိုးဝင်းသည် ဇွန် ၂၄ ရက်နေ့ က အရက်သောက်စားမူးယစ်ပြီး နေအိမ်ပေါ်တွင် လျှောက်သွားနေစဉ် နေအိမ်လှေကားပေါ် ၁၅ ပေခန့်အမြင့်မှ အောက်ထပ်သို့လိမ့်၍ ပြုတ်ကျသွားသဖြင့် ခါးနှင့်ရင်ဘတ်တို့တွင် ဒဏ်ရာများရရှိကာ အမောဖောက်နေ၍ လှိုင်သာယာပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ခါးနှင့်ရင်ဘတ်မှ ရရှိသော ဒဏ်ရာများကြောင့် သေဆုံးသွားခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် လှိုင်သာယာ(အနောက်ပိုင်း) မြို့မရဲစခန်းက အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)