ရန်ကုန် ၁၃ ဇွန်

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ် အမှတ်(၉)ရပ်ကွက် မိုးမခလမ်းရှိ မ/၉၈ (ခ) နေအိမ်တွင် ဇွန် ၁၂ ရက် နံနက် ၅နာရီ ၅ မိနစ်ခန့်က မီးလောင်မှုဖြစ်ရာ တက္ကသိုလ်ဝင်တန်းဖြေဆိုထားသူ ကျောင်းသူတစ်ဦး အပါအဝင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးဌာနနှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနတို့မှ မီးသတ်ယာဉ်ခြောက်စီး၊ ရေသယ်ယာဉ် နှစ်စီး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ ရွှေလင်ပန်း စက်မှုဇုန်မှ မီးသတ်ယာဉ် တစ်စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ငြိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၅ မိနစ်ခန့်တွင် မီးငြိမ်းသွားသည်။

မီးလောင်ရခြင်းအကြောင်းရင်းမှာ ဦးကျော်ဆွေ(၅၇-နှစ်) ၏ အလျားပေ ၅၀၊ သွပ်မိုးအုတ်ညှပ် တစ်ထပ်တိုက် နေအိမ်တွင် ဖယောင်းတိုင်မီးထွန်း၍ ဘုရားမီးပူဇော်ထားရာမှ အောက်ခံသစ်သားပြား မီးစွဲလောင်၍ ယင်းတိုက်နှင့် တစ်ဆက်တည်းရှိသည့် အလျား ၁၅ ပေ၊ အနံ ၁၀ ပေရှိ သွပ်မိုးအုတ်ညှပ်ထပ်ခိုးပါ နှစ်ထပ်တိုက်နှင့် အလျားပေ ၅၀၊ အနံ ၁၀ ပေရှိ နေအိမ် နှစ်လုံး မီးကူးစက်လောင်ခဲ့ပြီး အလျား ၁၅ ပေ၊ အနံ ၁၀ ပေရှိ သွပ်မိုး အုတ်ညှပ်ထပ်ခိုးပါ နှစ်ထပ်တိုက်၏ ရေချိုးခန်းအတွင်း၌ ဒေါ်လုံး(ခ)ဒေါ်ညွန့်ညွန့်ရီ (၅၅ နှစ်)နှင့် တက္ကသိုလ် ဝင်တန်းဖြေဆိုထားသော မရှင်းသန့် (၁၆နှစ်) တို့မှာ မီးခိုးမွှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဦးကျော်ဆွေ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး ၎င်းအား မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

အောင်သန်းဦး