ရန်ကုန်  ၁၅  နိုဝင်ဘာ

 

အမှုမှာ နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီ မိနစ် ၅၀တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းသွယ် (၁)နှင့် စတားလိုက်လမ်းသွယ်ထောင့်ရှိ ရေမြောင်းအတွင်း၌ အမည်မသိ အမျိုးသားတစ်ဦးသည် ရင်ဘတ်ထိုးသွင်း ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းအရ စခန်းမှူး ဒုရဲမှူး စန်းယုနှင့် တာဝန်မှူး ဒုရဲအုပ် ဝေယံအောင် တို့မှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးရာ အမည်မသိ အသက်(၃၀)နှစ်ခန့် အမျိုးသားတစ်ဦး၏ ရင်ဘတ်ထိုးသွင်းဒဏ်ရာ (၇)ချက်၊ ယာချိုစောင်း စုတ်ပြဲဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရ၍ တာဝန်မှူး ဒုရဲအုပ် ဝေယံအောင်မှ တရားလိုပြုလုပ် တိုင်တန်းမှုဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များ၊ မှုခင်း အကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ မြောက်ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်သက်သေများအား စစ်ဆေးခြင်း၊ သေသူ မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူမှာ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ (၅)ရပ်ကွက်၊ သံလွင်လမ်း၊ အမှတ်(၄၀၇)နေ ရန်ပိုင်စိုး(ခ)ပိုင်စိုး(ခ)ကရင် (၃၄)နှစ်၊ (ဘ)ဦးမြင့်စိုး ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် တရားခံဖော်ထုတ်နိုင်ရေး သေဆုံးသူ၏ လှုပ်ရှား သွားလာမှုနှင့် အခင်းဖြစ်ပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများအား စစ်ဆေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ သန့်ဇင်ထွေး(ခ)အငယ်ကောင်(ခ)ပိစိလေး နှင့် အောင်နေထွန်း (ခ)ကိုငယ် တို့ဖြစ်နိုင်ကြောင်း စုံစမ်းသိရှိရသည်။

 

အမှုဖြင့် မသင်္ကာသူ သန့်ဇင်ထွေး(ခ)အငယ်ကောင်(ခ)ပိစိလေး နှင့် အောင်နေထွန်း (ခ)ကိုငယ် တို့အား နိုဝင်ဘာ ၁၀ ရက် ည ၈ နာရီ မိနစ် အချိန်တွင် ၎င်းတို့နေအိမ်အသီးသီးမှ အမှုဖြင့် ဖမ်းဆီး စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် ၃၁.၁၀.၂၀၂၀ ရက်နေ့ ၂၃၃၀ အချိန်တွင် အရက်အတူသောက်ရာမှ စကားများပြီး အဆိုပါပြစ်မှုအား ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ပြစ်မှုကျူးလွန်စဉ် အသုံးပြုသည့် သက်သေခံပစ္စည်း ဓါးမြှောင်(၁)ချောင်းနှင့် ကတ်ကြေးတစ်ချောင်းတို့အား သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းတို့(၂)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေးနှင့် ကျန်ရှိရဲလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)