ရန်ကုန် ဩဂုတ် ၉

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယ မြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့ နံနက်ပိုင်းက လှိုင်သာယာမြို့နယ်များ သန့်ရှင်းသာယာ သပ်ရပ်ရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီခွဲတွင် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ရှမ်းချောင်းရွာအနီး ဘုရင့်နောင်တံတားအမှတ်(၁)နှင့် (၂)အောက်ရှိ မြေဧရိယာ ၁၂ ဒသမ ၅ ဧကပေါ်၌ ပန်းခြံနှင့် အားကစားကွင်းများ ပြုလုပ်ရန် သစ်ပင်ပန်းပင်များ၊ မြက်ပင်များ စိုက်ပျိုးထားရှိမှုနှင့် ရှမ်းချောင်း ရေထိန်းတံခါး ပတ်ဝန်းကျင်သန့်ရှင်း သာယာရေးအတွက် မြက်ပင်ချုံနွယ်များ ရှင်းလင်းထားရှိမှု၊  တံတားအောက် ပန်းခြံအဝင် ကွန်ကရိလမ်းခင်းကျင်းထားရှိမှု၊ ရေကန်အဝင် ရေမြောင်း မြေထိန်းနံရံများ ပြုပြင်ထားရှိမှု၊ ကန်ပတ်လမ်း Interlock ခင်းကျင်းရန် မြေပြုပြင် နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ထိန်ပင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံသို့ သွားရောက်၍ စွန့်ပစ်အမှိုက်မှ အမှိုက်မြေဆွေးထုတ်လုပ်ပြီး Em Bokashi မြေဩဇာ ထုတ်လုပ်နေမှုတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ် ကားလမ်းဘေး ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်အဝင်လမ်းထောင့် စုပေါင်းရုံး၌ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး သန့်ရှင်းသာယာ သပ်ရပ်ရေး ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေး ရေစုကန် ရေမြောင်း အတွင်း အမှိုက်၊ နုန်း၊ မေှာ်၊ ဒိုက်များကို Excavator ယန္တရားဖြင့် ဆယ်ယူရှင်းလင်းနေမှု၊ ရန်ကုန်-ပုသိမ်လမ်းဝဲ/ယာ သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)