ရန်ကုန် မေ ၁၅

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှု အနေဖြင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပေး နှိုးဆော်မှုများပြုလုပ်ပြီး လိုက်နာမှု မရှိသူများအား တရားရုံးသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဆိုပါမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူထံမှ သိရသည်။

 

ယနေ့နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါမြို့နယ်အတွင်းရှိ ညောင်တုန်း လမ်းမကြီး၊ အနော်ရထာ လမ်းမကြီးတစ်လျှောက်နှင့် ၂၀ ရပ်ကွက်ဈေး အရှေ့တွင်လည်းကောင်း၊ အလယ်ရွာ လမ်းဆုံနှင့် ရွှေလင်ဗန်း စက်မှုဇုန်အတွင်းရှိ မူကြိုလမ်းဆုံတွင်လည်းကောင်း နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပေးနှိုးဆော်မှုများ ပြုလုပ်ပြီး လိုက်နာမှုမရှိသူများအား ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်ခြင်း ဖြစ်သည်။

 

mdn

 

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူကပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ခဲ့တယ်။ အခုအချိန်မှာတော့ နှာခေါင်းစည်း တပ်ဆင်မှု မရှိဘဲ သွားလာတဲ့သူတွေကို အရေးယူမှုတွေ စတင်လုပ်ဆောင်နေတာပါ။ သူတို့ကိုတော့ လှိုင်သာယာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီရဲ့ အစီအစဉ်နဲ့ တရားရုံးပို့ပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်တာ ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တွေကို ထိခိုက်နစ်နာစေချင်လို့ အခုလိုလုပ်တာ မဟုတ်ပါဘူး။ စည်းကမ်းလိုက်နာမှု ရှိလာအောင်ရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်ဟု ပြောသည်။

 

ထိုသို့ဆောင်ရွက်မှုကို မေ ၁၄ ရက်နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့တွင် တရားရုံးသို့ပို့ဆောင်ကာ ဥပဒေအရ အရေးယူခံရသူ ၁၀၂ ဦးရှိကြောင်း၊ ၎င်းတို့အား တရားရုံးက တစ်ဦးလျှင် ငွေဒဏ် ငါးထောင်ကျပ်စီ ချမှတ်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူထံမှ သိရသည်။

 

ထို့အပြင် လှိုင်သာယာမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ အဆိုပါမြို့နယ်အတွင်းရှိ ဈေးများနှင့် လူစည်ကားရာနေရာများ၌ နှာခေါင်းစည်း (Mask) တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုများကို ကြိုတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ မေ ၁၃ ရက်မှစတင်ကာ နေအိမ်ပြင်ပသို့ထွက်၍ သွားလာမည့် သူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်ပြီး သွားလာကြရန်နှင့် လိုက်နာမှုမရှိသူများအား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေသန္တရအမိန့် ကြေညာချက်ကို မေ ၁၂  ရက်တွင် သက်ဆိုင်ရာက လိုက်လံအသိပေး ကြေညာမှုများ ပြုလုပ်ခဲ့သည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်