ရန်ကုန် စက်တင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး ဝန်ထမ်းအိမ်ရာဝင်း၌ ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုဇွန် အမျိုးမျိုးတို့ကို ရွေ့လျား ဈေးကား (Mobile Market)စနစ်ဖြင့် ရောင်းချနေမှုကိုလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၄) ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ FMI City (ပဒေသာပင်မြို့တော်)တွင် အမှိုက်များ၊ သစ်ပင် ခြုံနွယ်များနှင့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းပုံသွင်းနေမှုကို လည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ်လမ်းမကြီးပေါ်ရှိ မြစိမ်းအောင်ချောင်းသို့ ဆက်သွယ်သည့် ရေပြွန်အထိ အရှည်ပေ ၄၅၀၀ ရေမြောင်းတူးဖော် ခြင်းနှင့် ရေမြောင်းအတွင်း မှော်၊ ဒိုက်၊ နုံးများ၊ ပိန်းပင်နှင့် အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုကိုလည်းကောင်း၊ ဦးစိန်ပေါလမ်းတွင် အမှတ်(၉)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ စီးဆင်းသည့် ရေမြောင်းမှ မြစိမ်းအောင်ချောင်းအထိ အရှည် ၂၀၁၇ ပေ ရေမြောင်းတူးဖော်ရှင်းလင်းနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့အတူ မြို့တော်ဝန်သည် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်နှင့် အနော်ရထာစက်မှုဇုန်ရှေ့ မြေဧရိယာ (၁၂ ဒသမ ၂၅၈) ဧကတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ စီမံကိန်းတည်ဆောက်မည့်နေရာ၌ မြေပြင်ခြင်းနှင့် သဲဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ပန်းလှိုင်တံတားနှင့် BOC လမ်းဆုံကြား အရှည်ပေ ၃၁၆၈ ပေရှိ လမ်းဝဲ/ယာအား AG Mixer ယာဉ်ဖြင့် ကွန်ကရိလောင်းခြင်းအားလည်းကောင်း၊ တွံတေးမြို့နယ် တွံတေး-ဒလကားလမ်းပေါ်ရှိ ရန်ကုန်ပေါက်ကျေးရွာအနီး ရန်ကုန်ပေါက်ရေပေးဝေရေးစခန်းတွင် Nano Filter ဖြင့် ရေသန့်စင်မှုစနစ် စမ်းသပ်တပ်ဆင်သုတေသနဆောင်ရွက်နေမှုကို လည်းကောင်း၊ ဒလမြို့နယ် နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ (Final Disposal Site) တည်ဆောက်ရန် လိုအပ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ ဒလရေပေးဝေရေးလုပ်ငန်းအတွက် တွံတေး-ဒလလမ်း တစ်လျှောက် အရှည် (၄၁၅၆၉)ပေ 630 mm HDPE Pipe ဆက်သွယ် ခြင်းလုပ်ငန်းကိုလည်းကောင်း၊ ဒလမြို့နယ် တာကြီးကျေးရွာတွင် ဓာတ်ငွေ့ ထုတ်ပိုက်၊ ရေဆိုးထုတ်ပိုက်များ တပ်ဆင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဒလမြို့နယ်၊ ဗိုလ်ချုပ် ပန်းခြံအနီး တွံတေး-ဒလလမ်းနှင့် ကနောင်လမ်းဆုံရှိ အောက်ဆီဂျင်စက်ရုံတွင် အောက်ဆီဂျင် ဖြည့်တင်းနေမှုကို လည်းကောင်း၊ ဒလရေပေးဝေရေးရုံးရှိ ရေတွန်းစက်၊ ရေစုကန်များကို လည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


