လှိုင်သာယာတွင် တရားမဝင်တင်သွင်းထားသော ပိုးသတ်ဆေးများ စစ်ဆေးတွေ့ရှိ၊ ပိုးသတ်ဆေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူသွားမည်

နေပြည်တော် ၂၀ သြဂုတ် 


စိုက်ပျိုးရေးဦးစီးဌာနက ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ရန်ကုန်မြောက်ပိုင်းခရိုင် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မူးယစ်တပ်ဖွဲ့၊ အထူးရဲအဖွဲ့ နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့များသည် သြဂုတ် ၁၆ ရက်တွင် သတင်းအရ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၆)ရပ်ကွက်၊ အောင်ဇေယျ City အိမ်ရာ၊ အင်းဝ(၅)လမ်း၊ အမှတ်(၁၈၅)ခြံဝင်းသို့ ဝင်ရောက်စစ်ဆေးရာ အင်းလေးရတနာ ကုမ္ပဏီလီမိတက်မှ တရားမဝင်တင်သွင်းထားသော (၂၀ဝ)လီတာ ဆံ့ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးပီပါ (၁၁၀)လုံး တွေ့ရှိရသဖြင့် ပိုးသတ်ဆေးဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ပိုးသတ်ဆေးဥပဒေအရ ဖွဲ့စည်းထားသော ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့သည် နိုင်ငံအတွင်း သုံးစွဲခွင့်ပြုမည့် ပိုးသတ်ဆေးများ၏ အာနိသင်ထိရောက်မှုရှိရန်၊ လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အန္တရာယ်ရှိမှု နည်းစေရန်၊ အရည်အသွေးပြည့်မီသော ပိုးသတ်ဆေးများ တောင်သူများ လက်ဝယ်အသုံးပြုနိုင်ရန်အတွက် စိစစ်၍ ပိုးသတ်ဆေးမှတ်ပုံတင်နှင့် လိုင်စင်များကို ကြီးကြပ်ခွင့်ပြုထုတ်ပေးလျက်ရှိသည်။


ပိုးသတ်ဆေးဥပဒေပုဒ်မ ၃၁ အရ မည်သူမျှမှတ်ပုံတင်အဖွဲ့၏ ခွင့်ပြုချက်မရဘဲ ပိုးသတ်ဆေး သို့မဟုတ် အဆိပ်ရှိပစ္စည်းများကို တင်သွင်းခြင်း၊ တင်ပို့ခြင်းမပြုလုပ်ရဟု တားမြစ်ထားကာ ပိုးသတ်ဆေးဥပဒေပုဒ်မ ၃၂ အရ မည်သူမျှလိုင်စင်မရှိဘဲ ပြည်ပမှတင်သွင်းလာသော အဆိပ်ရှိပစ္စည်းကို ပိုးသတ်ဆေးအဖြစ် ဖော်စပ်ရောင်းချသည့်လုပ်ငန်း၊ ပြည်ပမှတင်သွင်းလာသော ပိုးသတ်ဆေးကို ပြန်လည်ထုပ်ပိုးရောင်းချသည့်လုပ်ငန်း၊ ပိုးသတ်ဆေးကို လက်လီလက်ကား ရောင်းချသည့်လုပ်ငန်းနှင့် ပိုးသတ်မှိုင်းတိုက်ခြင်းလုပ်ငန်း မပြုလုပ်ရဟု တားမြစ်ထားပြီး ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ စိစစ်ခွင့်ပြုချက်မရှိဘဲ ပိုးသတ်ဆေးများတင်သွင်း၊ ဖော်စပ်ထုတ်လုပ်၊ ပြန်လည်ထုပ်ပိုး၊ ဖြန့်ဖြူးရောင်းချ ဆောင်ရွက်လုပ်ကိုင်ခွင့်မရှိကြောင်းနှင့် ပိုးသတ်ဆေးပုဒ်မ (၄၄)အရ တရားစွဲဆိုသော ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော အမှုအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။ 


သတင်းစဉ်