လိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူငယ် ၁၃ ဦးကို ရေအောက်မှ ကယ်ဆယ်မည်ဟု ထိုင်းအစိုးရသတင်းထုတ်ပြန်

မယ်ဆိုင် ၈ ဇူလိုင် 

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်း ပိတ်မိနေသည့် ဘောလုံးနည်းပြနှင့် ကစားသမားလူငယ် ၁၃ ဦးတို့ကို ဇူလိုင် ၈ ရက် နေတွင် ဂူအပြင်သို့ ကယ်ထုတ်မည်ဟု ထိုင်းအစိုးရတာဝန်ရှိသူများက ကြေညာခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများက ဂူအတွင်းရှိရေများကို အပြင်သို့ စုပ်ထုတ်လျက်ရှိပြီး ပိတ်မိနေသူများအား ရေအောက်မှ ကယ်ဆယ်မှာဖြစ်ပြီး နိုင်ငံခြားသား ရေငုပ်သမား ၁၃ ဦး၊ ထိုင်းရေငုတ်သမား ၅ ဦး၊ ထိုင်းရေတပ်မှ တပ်ဖွဲ့ဝင် ငါးဦး စုစုပေါင်း ၂၃ ဦးဖြင့် ဂူအတွင်းဝင်ရောက်ကယ်ဆယ်မည်ဖြစ်ကာ ဂူအဝရှိ သတင်းယူနေသည့် မီဒီယာများကို ထွက်ခွာပေးရန် ဒီနေ့မနက်ပိုင်းက ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများတွင် အဆင်ပြေချောမွေစေရန်အတွက် ဂူဝကို ရှင်းလင်းထားရှိပြီး လူနာတင်ယာဉ်များနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ ဝင်များကို အဆင်သင့်ထားရှိကြောင်း ပထမဆုံးတစ်ယောက်ကို ထိုင်းစံတော်ချိန် ဒီနေ့ည ၉ နာရီမှာ ကယ်ထုတ်လာနိုင်ဖို့ ခန့်မှန်းထားကြောင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြင့်မိုရ်(တာချီလိတ်)