ခင်သန်းမြင့်
ပြီးခဲ့တဲ့ရက်တွေတုန်းက စက်သုံးဆီတွေပြတ်လပ်တော့မယ်၊ ဈေးတွေမတန်တဆ တက်တော့မယ်ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့အတူ စက်သုံးဆီအရောင်းဆိုင်တွေမှာ တော်တော်ယာဉ်တွေ အလုအယက်နဲ့ တိုးမပေါက်အောင်စည်ကားလိုက်တာဖြစ်ခြင်း။
အထူးသဖြင့် ကျွန်မတို့ ရန်ကုန်ရွှေမြို့တော်က သူထက်ကဲရွှေပြည်စိုး။ အခုခေတ်ကလေးတွေပြောသလို ဂယက်တွေထလိုက်ကြတာ လွန်ပါရော။ ပုံမှန်သုံးဆွဲနေကျ ပမာဏထက် ပိုမိုဝယ်ယူမှုကြောင့် ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှမတဖြစ်ပြီး စက်သုံးဆီ အရောင်းဆိုင်အချို့ ဆီဖြည့်တင်းဖို့ ထွက်ခွာလာတဲ့ ဆီသည်ယာဉ်တွေ မရောက်မီကာလအတွင်း ခေတ္တအရောင်းရပ်ဆိုင်းရတဲ့ အခြေအနေအထိပါပဲ။ စက်သုံးဆီ အရောင်းဆိုင် တွေမှာ ညအိပ်ညနေ တန်းစီစောင့်ဆိုင်းဝယ်ယူကြ၊ ကြားဖြတ်လို့ အချင်းများရန်ဖြစ်ကြနဲ့ အတော့်ကိုပွတ်လောရိုက်သွားခဲ့တယ်။
တကယ်တော့ ဒီလိုအဖြစ်မျိုးက ရန်ကုန်အပါအဝင် မြန်မာနိုင်ငံမှာထူးဆန်းတဲ့ အကြောင်းအရာ ကိစ္စတော့ မဟုတ်ပါဘူး။ နိုင်ငံရေး၊ စီးပွားရေးရည်ရွယ်ချက်ရှိရှိနဲ့ ဖွတဲ့သူတွေကလည်း ဖွလေ့ ရှိကြတာကိုး။ ၂၀၀၇ ခုနှစ်တုန်းကလည်း ခေတ်အခြေအနေအရ စက်သုံးဆီဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့မှုကို အကြောင်းပြုပြီး ဆန္ဒပြမှုတွေဖြစ်ပေါ် လာအောင်တွန်းပို့ခဲ့ကြတာပဲ။
တစ်ခါ မထသ မော်တော်ယာဉ်တွေကို သဘာဝဓာတ်ငွေ့သုံး ဂတ်စ်ကားများအဖြစ် ပြောင်းလဲခဲ့စဉ်တုန်းကလည်း အဆင်သင့်မဖြစ်သေးဘူးတို့၊ ဂတ်စ်အိုးတွေက ခရီးသည်တွေအတွက် အန္တရာယ် ရှိတယ်တို့ဆိုပြီး မထသမော်တော်ယာဉ်အချို့ ပြေးဆွဲမှုရပ်လိုက်တဲ့အတွက် ခရီးသည်တွေ အခက်အခဲဖြစ်ခဲ့ကြရတယ်။ နောက်တော့လည်း တက္ကစီ အငှားယာဉ်တွေကအစ ဂတ်စ်ကားမှာ ဂတ်စ်ကားဖြစ်လာကြပြန်ရော။
မှတ်မိသေးတယ်။ ၂၀၁၆ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက မထသမော်တော်ယာဉ်လိုင်းတွေကို ပုဂ္ဂလိကကုမ္ပဏီပိုင် YBS ယာဉ်လိုင်းများအဖြစ်ပြောင်းလဲခဲ့စဉ်ကလည်း စစချင်းရက်တွေမှာ YBS ယာဉ်တွေအပြည့်အဝ အစားမထိုးနိုင်ခဲ့တဲ့အတွက် ခရီးသည်တွေ၊ ဝန်ထမ်းတွေ ညနေအိမ်အပြန်မှာ စီးစရာကားတွေမရှိလို့ ပရဟိတတွေ၊ လူမှုဝန်ထမ်းစိတ်ရှိသူတွေက သူတို့ပိုင်မော်တော်ယာဉ်တွေနဲ့ အခမဲ့ပြေးဆွဲ ပို့ဆောင်ပေးခဲ့ရဖူးတယ်။
မြန်မာပြည်မှာ အဲဒီလိုအခိုက်အတန့် အခက်အခဲကိစ္စတွေကြုံတွေ့လာရင်၊ ဖြစ်ပေါ်လာရင် နိုင်ငံရေးအလို့ငှာ၊ စီးပွားရေးအလို့ငှာ အခြေအနေ ဆိုးသထက်ဆိုးအောင် ရည်ရွယ်ချက်ရှိရှိ ကောလာဟလမျိုးစုံနဲ့ ဘေးတီးပေးတဲ့သူတွေ၊ ထုတ်လွှင့်လိုက်တဲ့ ကောလာဟလ မျိုးစုံကိုယုံစားပြီး တီးကွက်အတိုင်း ယိမ်းကသလို လိုက်ကကြတဲ့သူတွေ၊ ဖြစ်ပေါ်လာတဲ့အခြေအနေ၊ အခက်အခဲအပေါ် မူတည်ပြီး မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသလို တစ်ပိုင်တစ်နိုင်ကနေ စီးပွားဖြစ် လုပ်စားလေ့ရှိတဲ့သူတွေ၊ ခဏတာ အခိုက်အတန့် အဆင်မပြေမှုအပေါ် အပြစ်တင်စောတဲ့သူတွေ၊ အခုနောက်ပိုင်း ဆိုရှယ်မီဒီယာပေါ်မှာ Live လွှင့်ပြီး ဆယ်လီဖြစ်ချင်သူတွေ စတဲ့သူ့အုပ်စုနဲ့သူ။ ကြားထဲက အမြဲငထွား ခါးနားရသူတွေကတော့ ရိုးသားတဲ့ပြည်သူအများစုပေါ့။
ဒါကြောင့် လက်ရှိ စက်သုံးဆီဂယက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာက သီလဝါဆိပ်ခံတံတားတွေမှာ ဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘောခြောက်စင်း၊ ပင်လယ်ဝ Pilot Station မှာ ဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘော ကိုးစင်းနဲ့ စင်ကာပူကနေ ဆီတင်ပြီး ထွက်လာတဲ့ ဆီတင်သင်္ဘောတစ်စင်းရှိတာကြောင့် ပြည်တွင်းသုံးစွဲမှုပမာဏအရ အများပြည်သူတွေ အနေနဲ့ စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ပူပန်စရာ မလိုတဲ့အကြောင်း၊ ဒါ့အပြင် ဒီဇင်ဘာလအတွင်းမှာပဲ နောက်ထပ်ပြည်ပဆီတင်သင်္ဘော ၂၇ စင်းနဲ့ထပ်မံ တင်သွင်းဖို့ Supplier တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားရှိပြီးတဲ့အကြောင်း ရှင်းလင်းထုတ်ပြန် ပြောဆိုခဲ့မှုကြောင့် စက်သုံးဆီပြတ်လပ်မှာကို စိုးရိမ်ကြောင့်ကြနေကြတဲ့ ပြည်သူအများစု စိတ်အေးသွားခဲ့ကြပါတယ်။
တစ်ခါဖြစ်ပေါ်လာတဲ့ အခိုက်အတန့်ပအခက်အခဲပေါ် မူတည်ပြီး တစ်ပိုင်တစ်နိုင်ကနေ စီးပွားဖြစ်လုပ်စားလေ့ရှိသူတွေကိုတော့ သက်ဆိုင်ရာဥပဒေနဲ့ ထိန်းကျောင်းဖြေရှင်းခဲ့ရပါတယ်။ စက်သုံးဆီဆိုင်တွေမှာ အခေါက်ခေါက်အခါခါ ဝယ်ယူပြီး အပြင်မှာ ဈေးနှုန်းမြှင့်တင်ကာ လိုင်စင်မဲ့ ပြန်လည်ရောင်းချသူတွေကို ၂၀၁၇ ခုနှစ် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ အရ စက်သုံးဆီတွေကို လိုင်စင်မဲ့ သယ်ယူပို့ဆောင်တာ၊ သိုလှောင်တာ၊ ရောင်းချတာတွေကို စစ်ဆေးတွေ့ရှိရင် အနည်းဆုံးငွေဒဏ် ကျပ်သုံးသိန်းကနေ အများဆုံးကျပ်သိန်း ၅၀ အထိဖြစ်စေ၊ တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်တယ်လို့ သက်ဆိုင်ရာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် စက်သုံးဆီဆိုင်တွေမှာ အကြိမ်ကြိမ်တန်းစီဝယ်ယူပြီး အချို့ရပ်ကွက်တွေမှာ ဓာတ်ဆီ တစ်လီတာကို နေရာဒေသအလိုက် ကျပ် ၄၀၀၀ ကျော်ကနေ ကျပ် ၇၀၀၀ ဝန်းကျင်နဲ့ လိုင်စင်မဲ့ တစ်ဆင့်ပြန်လည်ရောင်းချမှုတွေ၊ တရားမဝင်သိုလှောင် ရောင်းချမှုတွေကိုလည်း စစ်ဆေးဖော်ထုတ် ဖမ်းဆီးကာ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့လည်း ဒီလိုဆောင်ရွက်မှုများကိုတွေ့ရှိပါက ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိရုံးများသို့ သတင်းပို့တိုင်ကြားခြင်းဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါရန် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက မေတ္တာရပ်ခံနှိုးဆော်ခဲ့ပါတယ်။
ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်း ဒီဇင်ဘာ ၁၁ ရက်က နေပြည်တော်မှာကျင်းပတဲ့ ဗဟိုကော်မတီရဲ့ (၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ “စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း ကဏ္ဍကိုပိုမိုထိရောက်စွာ စီမံဆောင်ရွက်နိုင်ရေး၊ ပြည်ပမှတင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေး ပြည့်မီရေးနှင့် ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူများ စက်သုံးဆီ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ အရောင်းဆိုင်များသို့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း။
ယခုရက်ပိုင်းအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ စက်သုံးဆီ အရောင်းဆိုင်များအပြင် အချို့တိုင်းဒေသကြီး ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီများ ပို့ဆောင်ရောင်းချပေးလျက်ရှိသော်လည်း ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များကြောင့် ပိုမိုဝယ်ယူစုဆောင်းခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ယခင်ကထက် ဝယ်လိုအား ပိုမိုမြင့်တက်မှုများဖြစ်ပေါ်ခဲ့သဖြင့် ဆီဆိုင်များတွင် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရန် အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ဖက်တွင်လည်း စက်သုံးဆီများ တရားမဝင် ရောင်းချမှုမရှိစေရေးအတွက် စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ တာဝန်ရှိသူများကလည်း ရန်ကုန်တိုင်းဒေသကြီးက စက်သုံးဆီအရောင်းဆိုင် ၁၄၆ ဆိုင်မှာ စက်သုံးဆီပြတ်လပ်မှုမရှိဘဲ လုံလုံလောက်လောက် ရောင်းချပေးနိုင်ရေးအတွက် ဒီဇင်ဘာ ၁၁ ရက်က အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) သို့ သွားရောက်ခဲ့ပြီး စက်သုံးဆီသိုလှောင်စခန်းမှာ စက်သုံးဆီ သိုလှောင်ထားရှိမှုနဲ့ ဆီသည်ယာဉ်များပေါ်သို့ စက်သုံးဆီဖြည့်တင်းမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆီသိုလှောင်ကန်မှဆီသယ်ယာဉ်များပေါ်သို့ ဆီဖြည့်သွင်းသည့်စနစ် အားနည်းချက်မရှိရေး၊ အစီအစဉ်တကျ ဖြည့်သွင်းခြင်း၊ ထွက်ခွာခြင်းနှင့် ဆိုင်အရောက်မြန်ဆန်ရေး စနစ်နဲ့ဆောင်ရွက်နိုင်ဖို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။
ယခုလိုတာဝန်ရှိသူအဆင့်ဆင့်က ဘက်ပေါင်းစုံကဏ္ဍအလိုက် လျင်လျင်မြန်မြန် ထိထိရောက်ရောက် စီမံဆောင်ရွက်ပေးခဲ့မှုကြောင့် ယခုဆိုရင် အများပြည်သူများအနေနဲ့ စက်သုံးဆီ ဝယ်ယူသုံးစွဲရာမှာ ဟိုးတစ်ပတ်ကျော်ကထက်တော့ အများကြီး အဆင်ပြေလာခဲ့ပါပြီ။ ရန်ကုန်မြို့ရဲ့ တစ်နေ့တာ စက်သုံးဆီလိုအပ်ချက်ဟာ ဆီဂါလံ ခြောက်သောင်းခန့်ဖြစ်ပေမယ့် ယခုသက်ဆိုင်ရာက ဆီဂါလံတစ်သိန်းကျော် ဖြန့်ဖြူးပေးလျက်ရှိတဲ့အပြင် ထပ်မံဝင်ရောက်မှုများလည်း ရှိနေတဲ့အတွက် ရန်ကုန်မြို့ခံပြည်သူတွေ အနေနဲ့လည်း စိုးရိမ်ကြောင့်ကြမှုများ လျော့ပါးကင်းဝေးခဲ့ပြီး ပုံမှန်အတိုင်း မဖြစ်သေးပေမယ့် ကိုယ်လိုသလောက် ဝယ်ယူသုံးစွဲနိုင်ကြပြီဖြစ်ပါတယ်။ ညအိပ်ညနေ အချိန်ကြာမြှင့်စွာ တန်းစီဝယ်ယူ စောင့်ဆိုင်းခြင်းမျိုးလည်း မရှိသလောက်တွေ့ရပါတယ်။ ဆက်လက်ပြီး စက်သုံးဆီလုပ်ငန်းရှင်များ ပိုမိုအဆင်ပြေစေရေးအတွက်လည်း ဆီသယ်ယာဉ်တွေကို လက်ရှိလူကိုယ်တိုင် မျှောထုတ်ယူရတဲ့စနစ်ကနေ Online နဲ့ မျှောထုတ်ယူနိုင်တဲ့အဆင့်အဖြစ် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် သက်ဆိုင်ရာက စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။
ကိစ္စများမြှောင်လူတို့ဘောင်မှာ အမှုကိစ္စပေါင်းစုံနဲ့အတူ အခက်အခဲပေါင်းစုံကိုလည်း လူတိုင်းကိုယ်စီ ကြုံတွေ့နေကြရဦးမှာပါပဲ။ ကြုံတွေ့လာခဲ့ရင်လည်း အတ္တစိတ်နဲ့ ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာ တစ်ခုတည်းမကြည့်ဘဲ ကိုယ်ချင်းစာစိတ်နဲ့ကြည့်ဖို့ လိုအပ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဆူနာမီသဘာဝဘေး အန္တရာယ်ကြီးကြုံ တွေ့ခဲ့စဉ်ကဆို ဂျပန်ပြည်သူများဟာ စားသောက်ကုန်အပါအဝင် လိုအပ်တဲ့ပစ္စည်းတွေကို စနစ်တကျတန်းစီပြီး အများအကျိုးအတွက် ကိုယ်ချင်းစာစိတ်၊ စာနာစိတ် အပြည့်အဝနဲ့ အမှန်တကယ်လိုအပ်တာထက် ပိုမိုဝယ်ယူသုံးစွဲခြင်း မရှိခဲ့ကြပါဘူး။
မြန်မာစာပေကျမ်းဂန်တွေထဲမှာလည်း ကမ္ဘာဦးကာလက ကမ္ဘာဦးလူသားတွေဟာ ပင်ပင်ပန်းပန်း ရှာဖွေလုပ်ကိုင် စားသောက်စရာမလိုဘဲ မြေပေါ်မှာ သူ့အလိုအလျောက်ပေါက်တဲ့ အခွံလည်းမဖုံး၊ ဖွဲလည်းမကပ်တဲ့ ဆန်သားသက်သက်သီးတဲ့ သလေးစပါးဆန်တွေကို ဆွတ်ယူချက်ပြုတ် စားသောက်လို့ ရတယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ အတ္တ၊ လောဘကြီးသူတွေဟာ လိုတာထက်ပိုပြီး သုံး၊ လေး၊ ငါးရက်စာမက ဆွတ်ယူသိုလှောင်လာကြတဲ့အခါမှာတော့ သလေးစပါးတွေဟာ မူလပကတိ အတိုင်းပြန်ပေါက်ခြင်း၊ အသီး သီးခြင်းမျိုးမရှိတော့ဘဲ အငုတ်တွေအတိုင်းသာ ဖြစ်ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ တကယ်တော့ ဘယ်အရာမဆို လိုသည်ထက်ပိုတာမျိုးက မကောင်းပါဘူးနော် ။