ဘေရွတ် ဩဂုတ် ၂၅

 

လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘို လာအဖွဲ့သည် အစ္စရေးကို ပြင်းထန်သည့် တိုက်ခိုက်ရေးဆင်နွှဲ မှုများ စတင်ခဲ့ကြောင်း ယနေ့ ပြောကြားသည်။ ဟစ်ဇ်ဘိုလာအဖွဲ့သည် ဩဂုတ် ၂၅ ရက်တွင် အထက်ပါအတိုင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

 

အစ္စရေးအခြေစိုက် စခန်းများနှင့် အခြားစစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို ဒုံးကျည် ၃၂၀ ကျော် ပစ်ခတ်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြားသည်။ ဇူလိုင်လအတွင်း မြို့တော် ဘေရွတ်၌ အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုဖြင့် ၎င်း၏အကြီးတန်း တပ်မှူးတစ်ဦး သေဆုံးမှုကို တုံ့ပြန်သည့်အနေဖြင့် အဆိုပါ တိုက်ခိုက်မှုအား တုံ့ပြန်ခြင်းဖြစ်ကြောင်း ဟစ်ဇ်ဘိုလာ အဖွဲ့က ပြောသည်။

 

အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုရက်ဂေါလန့်သည် ဒေသခံများအား အာဏာပိုင်များထံမှ ညွှန်ကြားချက်များကို လိုက်နာရန် အထူးအခြေအနေတစ်ရပ်ကို ကြေညာခဲ့ကြောင်း သိရသည်။ အစ္စရေး၏ အကြီးဆုံးစီးပွားရေး မြို့တော် တဲလ်အဗစ်အနီးရှိ နိုင်ငံတကာလေဆိပ်ကို ယာယီပိတ်ထားခဲ့သည်။

 

အစ္စရေး တပ်မတော်သည် ဟစ်ဇ်ဘိုလာပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အစောပိုင်းတွင် ကြေညာခဲ့ပြီး အကြီးစားတိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်မှုများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

အစ္စရေးပိုင်နက်ဆီသို့ ဒုံးကျည်များ ပစ်လွှတ်ရန် ပြင်ဆင်နေသည့် ဟစ်ဇ်ဘိုလာများကို အစ္စရေးတပ်ဖွဲ့က ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက ပြောကြားခဲ့သည်။ အဆိုပါတိုက်ခိုက်မှုသည် လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ ခြိမ်းခြောက်မှုများကို ဖယ်ရှားရန် ခုခံကာကွယ်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်