ဘေရွတ် ၆ ဩဂုတ်
လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်ရှိ ဆိပ်ကမ်း၌ ဩဂုတ် ၄ ရက်တွင် အကြီးစားပေါက်ကွဲမှုကြီးနှစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၀၀ ထက်မနည်းသေဆုံးခဲ့ပြီး ၄၀၀၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီး ဟာမက်ဟာဆန်က ဩဂုတ် ၅ ရက်တွင်ကြေညာခဲ့သည်။ ပေါက်ကွဲမှုဖြစ်ပွား ပြီးနောက် လူအများအပြား ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ပေါက်ကွဲမှုကြောင့် ဘေရွတ်တစ်မြို့လုံးရှိ အဆောက်အအုံများအားလုံး တုန်ခါခဲ့ပြီး ပေါက်ကွဲမှုမှ လွင့်စဉ်လာသည့် မှန်ကွဲစများက နေရာ အများစုကို ဖုံးလွှမ်းရောက်ရှိခဲ့သည်။ပေါက်ကွဲမှုကြောင့်ပြိုကျပျက်စီးခဲ့သည့် အဆောက်အ အုံအပျက်အစီးပုံများအောက်တွင် အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်နိုင်ရန် လက်ဘနွန်ကြက်ခြေနီအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အပူတပြင်း ရှာဖွေလျက်ရှိသည်။ အင်အားပြင်းထန်သည့်ပေါက်ကွဲမှုကြောင့် ဘေရွတ်မြို့ ဆိပ်ကမ်းအနီးရှိ ဈေးဆိုင်အများအပြား ပျက်စီးခဲ့သည်။ ဘေရွတ် ဆိပ်ကမ်းရှိ ကုန်လှောင်ရုံ၌ ခြောက်နှစ်လောက်ကြာအောင် သိုလှောင်သိမ်းဆည်းထားသည့် အမိုနီယမ်နိုက်ထရိုက်များကြောင့် ပေါက်ကွဲမှု ဖြစ်ခဲ့ရခြင်းဖြစ်နိုင် ကြောင်း ကနဦးသတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
ပြည်ထဲရေးဝန်ကြီး မိုဟာမက်ဖာမီက ဘေရွတ်ဆိပ်ကမ်း၌ ယင်းကဲ့သို့ ဓာတုပစ္စည်းများကို သိုလှောင်သိမ်းဆည်း ထားရခြင်းနောက်ကွယ်တွင် မည်သည့်အကြောင်းများရှိသည်ကို အကောက်ခွန်အာဏာပိုင်များအားမေးခွန်း ထုတ်ရလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ လက်ရှိဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့်ပတ်သက်၍ အရေးပေါ် စီမံဆောင်ရွက်ချက်များ ကြေညာရန် လက်ဘနွန် အစိုးရအဖွဲ့က အစည်းအဝေးထိုင်လျက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်နေချိန်တွင် နောက်ထပ်ဘေးအန္တရာယ်တစ်ခု ထိခိုက်ခံစားခဲ့ရသည့် လက်ဘနွန်နိုင်ငံအတွက် စိတ်ထိခိုက်ခံစားရကြောင်း နိုင်ငံအများ အပြားက ဖော်ပြခဲ့ကြသည်။
ဆင်ဟွာ၊အေအက်ဖ်ပီ