ဂျေရုဆလင် ဇန်နဝါရီ ၁၇
ဒုတိယမြောက်နေ့အဖြစ် လက်ဘနွန်နိုင်ငံတောင်ပိုင်းသို့ ဇန်နဝါရီ ၁၇ ရက်တွင် လေကြောင်း တိုက်ခိုက်မှုအများအပြား ပြုလုပ်ခဲ့ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောသည်။
တိုက်ခိုက်မှုများကို နံနက်ပိုင်းတွင် စတင်ခဲ့ကြောင်း၊ ဟစ်ဇ်ဘိုလာ အခြေခံအဆောက်အအုံနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို တိုက်ခိုက်ရာတွင် ဂျက်တိုက်လေယာဉ်များ ပါဝင်ကြောင်း၊ ထို့အပြင် လက်ဘနွန်နိုင်ငံတောင်ပိုင်း ဒေသအများအပြားသို့ တင့်ကားဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လည်း ပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ချက်တွင် ပြောသည်။
အစ္စရေးသည် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ မြို့အများအပြားကို လက်နက်ကြီးပစ်ခတ်မှုပြုလုပ် ခဲ့ကြောင်း၊ နေအိမ်တစ်လုံးကို ပစ်မှတ်ထားကာ ဒရုန်းများ အသုံးပြုခဲ့ကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း လက်ဘနွန်နိုင်ငံပိုင် သတင်းအေဂျင်စီက အစီရင်ခံဖော်ပြခဲ့သည်။
လက်ဘနွန်ရှိ စစ်သွေးကြွများကလည်း လက်ဘနွန်၊ ဆီးရီးယားနှင့် အစ္စရေးတို့ နယ်နိမိတ်ဆုံရာ၌ အငြင်းပွားဖွယ်ရာ ဧရိယာငယ်တစ်ခု ဖြစ်သည့် Shebaa Farms ရှိ အစ္စရေးစစ်စခန်း ဂလာဒီယိုလာ ဧရိယာသို့ တင့်ကားဖျက် ဒုံးကျည်များ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ဟစ်ဇ်ဘိုလာ အဖွဲ့က ၎င်းတို့၏ တိုက်ခိုက်သမားများထဲမှ တစ်ဦးသေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၆၂ ဦးအထိ ရှိလာကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
အစ္စရေးနှင့် အီရန်ကျောထောက်နောက်ခံ ဟစ်ဇ်ဘိုလာတို့သည် အစ္စရေး - ဟားမားစ် ပဋိပက္ခ စတင်ဖြစ်ပွားချိန်ကတည်းက နယ်စပ်တစ်လျှောက် ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားလျက်ရှိကြောင်း၊ ပစ်ခတ်တိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဂါဇာကမ်းမြောင်ရှိ ပါလက်စတိုင်းများကို ထောက်ခံခြင်းဖြစ်ကြောင်း ဟစ်ဇ်ဘိုလာက ပြောကြားထားသည်။
ဆင်ဟွာ