တစ်ခါတစ်လေမှာ အရိုးရှင်းဆုံးနည်းလမ်းတွေက အထိရောက်ဆုံးနည်းလမ်းတွေဖြစ်နေတတ်ပါတယ်။ လူလူချင်း ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ အထိရောက်ဆုံး နည်းလမ်းတွေထဲမှာ လက်ဆေးတာလည်း တစ်ချက် အပါအဝင်ပါပဲ။ ဒါ့ကြောင့် ဘယ်အချိန်မှာလက်ဆေးရမယ်၊ လက်ကို သေချာစင်ကြယ်အောင် ဘယ်လိုဆေးရမယ်ဆိုတာ နည်းနည်းလောက်ပြောပြချင်ပါတယ်။

 

လက်ဆိုတာ ခန္ဓာကိုယ်မှာ ပိုးမွှားတွေအများဆုံး အစိတ်အပိုင်းတစ်ခုပါ။ တချိန်လုံး ပစ္စည်းကိရိယာတွေ ကိုင်တွယ်အသုံးပြုတယ်၊ အစားအသောက်စားရင်လည်း သုံးတယ်၊ ဒီကြားထဲမှာ မျက်နှာ၊ ဆံပင်တွေလည်း ပွတ်သပ် တတ်ပါသေးတယ်။ ဒါကြောင့် ကိုယ့်ရဲ့လက် ၂ ဖက်ကို သန့်သန့်ပြန့်ပြန့်မထားမိရင် ရောဂါပိုးမွှားတွေ ဘယ်လောက်တောင် ဝင်လာနိုင်လဲဆိုတာ စဉ်းစားကြည့်ပါ။ တချိန်လုံးလက်ဆေးနေဖို့လည်း မလိုပေမဲ့ အောက်ပါအခြေအနေတွေမှာတော့ မဖြစ်မနေဆေးကြောသင့်ပါတယ်

အစားအစာတွေကိုချက်ပြုတ်ဖို့ မကိုင်တွယ်ခင်၊ ချက်ပြုတ်နေစဉ်နဲ့ ချက်ပြုတ်ပြီးချိန်

အစာမစားခင်အချိန်

အော့အန်ဖျားနာနေသူ ဒါမှမဟုတ် ဝမ်းလျှောနေသူလို နေထိုင်မကောင်းသူ တစ်ယောက်ယောက်ကို ကိုင်တွယ်မပြုစုခင်နဲ့ ပြုစုပြီးချိန်

ထိခိုက်ရှနာဒဏ်ရာကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးချိန်

အိမ်သာတက်ပြီးချိန်

ကလေးသေးခံလဲပေးပြီးချိန် ဒါမှမဟုတ် အိမ်သာတက်တဲ့ကလေးကို ရေဆေးသန့်စင်ပေးပြီးချိန်

နှာစေး၊ ချောင်းဆိုး၊ နှာချေပြီးချိန်

အကောင်တစ်ကောင်ကောင်ကို ထိတွေ့ကိုင်တွယ်ပြီးချိန်၊ အစာကျွေးပြီးချိန်နဲ့ မွေးထားတဲ့တိရစ္ဆာန် တစ်ကောင်ကောင်ရဲ့ အညစ်အကြေးကို ရှင်းလင်းပြီးချိန်

တိရစ္ဆာန်အစာတွေ ကိုင်တွယ်ပြီးချိန်

အမှိုက်သရိုက်တွေ ထိတွေ့ကိုင်တွယ်ပြီးချိန် တွေမှာဆို လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောသင့်ပါတယ်။

 

လက်ကို နည်းလမ်းမှန်မှန် ဘယ်လိုဆေးမလဲ

 

လက်ဆေးတာများ ဘာခက်လဲလို့ ထင်ကြမှာပေါ့။ ခက်ခဲတဲ့ကိစ္စတစ်ခုမဟုတ်ပေမဲ့ လူတော်တော်များများကတော့ လက်ကိုစနစ်တကျ မဆေးကြောဖြစ်ကြပါဘူး။ လက်ဆေးတယ်ဆိုတာ လက်ကိုရေစွတ်ပြီး ဆပ်ပြာနဲ့ ပွတ်လိုက်ရုံမဟုတ်ပါဘူး။ အောက်ပါအဆင့်တွေအတိုင်း လက်ကိုစနစ်တကျ ဆေးကြောရပါမယ်

၁. ရေပိုက်ခေါင်းက ထွက်လာတဲ့စီးဆင်းနေတဲ့ရေနဲ့ လက်ကိုစိုစွတ်အောင်လုပ်လိုက်ပါ၊ ပြီးရင်ရေပိုက်ခေါင်းကိုပိတ်လိုက်ပြီး လက်ကိုဆပ်ပြာတိုက်ပါ

၂. လက်ဆေးတဲ့အခါမှာ ဆပ်ပြာနဲ့လက်ကို သေချာနှံ့စပ်အောင်ပွတ်တိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ လက်ရဲ့ အနောက်ဖက်၊ လက်ချောင်းကြား၊ လက်သည်းတွေကြားကိုပါ ဆပ်ပြာတိုက်ပါ

၃. အနည်းဆုံး စက္ကန့် ၂၀ ကြာအောင်ဆပ်ပြာတိုက်ပါ၊ စက္ကန့် ၂၀ ကိုအချိန်မှတ်ရခက်နေရင် “Happy Birthday” သံစဉ်လေး ၂ ကြိမ်လောက် ညည်းလိုက်ပါ၊ အနေတော်ပါပဲ

၄. ပြီးရင် ရေပိုက်ခေါင်းကိုပြန်ဖွင့်ပြီး လက်ကိုဆပ်ပြာစင်သွားအောင် သေချာပြန်ဆေးပါ

၅. ဆေးပြီးရင် လက်ကို တဘက်သန့်သန့် ဒါမှမဟုတ် တစ်ရှူးနဲ့သုတ်ပါ၊ လေမှုတ်စက်နဲ့ အခြောက်ခံလို့လည်းရပါတယ်

တကယ်လို့ လက်ဆေးဖို့အတွက် ရေနဲ့ဆပ်ပြာမရှိရင်လည်း လက်သန့်စင်ဆေးရည် (hand sanitizer)  သုံးပြီးလက်ဆေးလို့ရပါတယ်။ အယ်လ်ကိုဟော ထည့်သွင်းထုတ်လုပ်ထားတဲ့ လက်သန့်စင်ဆေးရည် တွေကို ရေနဲ့ဆပ်ပြာမရှိရင်အစားထိုးသုံးစွဲနိုင်ပြီး အယ်လ်ကိုဟော အနည်းဆုံး ၆၀% ပါဝင်တဲ့ဆေးရည်ဖြစ်ရပါမယ်။ လက်သန့်စင်ဆေးရည်တွေက လက်ကပိုးမွှားတွေကို လျှော့ချပေးနိုင်ပေမဲ့ ပိုးမွှားတွေအကုန်လုံးကိုတော့ ဖယ်ရှားမပေးနိုင်ပါဘူး။ နောက်ပြီး လက်ကအရမ်းညစ်ပတ်နေရင်၊ ဒါမှမဟုတ် လက်မှာဓာတုပစ္စည်းတွေ ပေနေရင်လည်း ဖယ်ရှားပေးနိုင်မှာ မဟုတ်ပါဘူး။

တကယ်တော့ လူလူချင်း ကူးစက်ပျံ့နှံ့တဲ့ရောဂါ အတော်များများကို ကာကွယ်ဖို့အတွက်အရေးကြီးဆုံးက လက်ကိုမကြာခဏ သေချာဆေးကြောပေးဖို့ပါပဲ။ သေသေချာချာ ဆေးကြောထားတဲ့လက်တွေက ပိုးမွှားတွေတစ်နေရာကနေတစ်နေရာ မပျံ့နှံ့အောင် တားဆီးပေးနိုင်ပါတယ်။ လူတစ်ယောက်ခြင်းသာ အပေါ်မှာ ပြောခဲ့တဲ့အဆင့် ၅ ဆင့်အတိုင်းလက်ကို သေချာဆေးကြောမယ်ဆို လူလူခြင်း ရောဂါပိုးပျံ့နှံ့တာကို တားဆီးနိုင်မှာဖြစ်သလို အစုအဖွဲ့တစ်ခုစီကနေ ရပ်ကွက်၊ မြို့နယ်တွေအလိုက်ကို ရောဂါမပျံ့နှံ့အောင် တားဆီးပြီးသားဖြစ်သွားမှာပါ။

 

ရေးသားသူ – Dr.Htoo Tint , Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win