ဒီတစ်လောမှာခဏခဏကြားနေရတာကတော့ "လက်ဆေးပါ" ဆိုတဲ့ စကားပါပဲ။ COVID-19 ဖြစ်နေတဲ့ အချိန်မှာ လူတွေကို ရောဂါကာကွယ်နိုင်ဖို့ မကြာမကြာ လက်ဆေးပါလို့ တိုက်တွန်း နေကြပါတယ်။ လက်ဆေးတာက COVID-19မှ မဟုတ်ပါဘူး။ တခြားရောဂါတွေကိုပါ ကာကွယ်နိုင်ပါတယ်။ ဒါတွေက ဘာတွေလဲဆိုတာ ကြည့်ကြရအောင်။

 

၁။ COVID-19

 

အားလုံးသိတဲ့အတိုင်း WHOက ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာပြီးတဲ့ နောက်မှာ လူတွေက COVID-19နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်လာကြပါတယ်။ ဒီဗိုင်းရပ်စ်က အဆုတ်ရောင်ရောဂါဖြစ်ပြီး အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်များပါတယ်။ အသက်ရှူလမ်းကြောင်းကနေထွက်တဲ့ အမှုန်အမွားတွေကနေကူးပြီး ရောဂါပျိုးချိန်က ၁၄ရက်ပါ။ ဘာလက္ခဏာမှမပြဘဲ ပိုးကို သယ်ဆောင်ထားသူ (carrier) တွေလည်း ရှိပါတယ်။

 

ဒီတော့ သင့်ကိုယ်သင်ရော သူများကိုရော ရောဂါမကူးအောင် ဘယ်လိုနေကြမလဲ။ CDC ကပြောတာတော့ နေမကောင်းတဲ့ သူတွေနဲ့ ဝေးဝေးနေ၊ ကိုယ်တိုင်လည်း နေမကောင်းရင် အိမ်မှာနေ၊ လက်ကို သေချာဆေးပါပေါ့။ ဒါက လူအများသိပြီးသားပါ။ ဒီထဲမှာ ဘာလို့ လက်ဆေးဖို့ကို ခဏခဏ မှာနေရတာလဲ။

 

မကြာသေးခင်က လေ့လာချက်တွေအရ လေဆိပ်တွေမှာ လက်ဆေးခိုင်းတာက ရောဂါဖြစ်နှုန်းကို ၂၄ကနေ ၆၉ရာခိုင်နှုန်းအထိ ကျသွားစေပါတယ်တဲ့။ ဒါကြောင့် ဘယ်နေရာမှာပဲ ရောက်နေပါစေ လက်ဆေးဖို့ မမေးပါနဲ့။

 

၂။ Hand- Foot- Mouth ရောဂါ

 

ဒီရောဂါက ပိုးရှိတဲ့ မစင်ကို ကိုင်မိတယ်။ ပြီးတော့ လက်သေချာ မဆေးမိဘူး။ ဒီကနေတစ်ဆင့် သူများကို ထိမိရင် ကူးတတ်ပါတယ်။ ရောဂါလက္ခဏာကတော့ ပါးစပ်၊ လက်နဲ့ ခြေထောက်မှာ အရည်ကြည်ဖုတွေ ပေါက်တာပါ။

 

၃။ Giardiasis (ဝမ်းပျက်ရောဂါ)

 

ဒါက ကပ်ပါးပိုးကြောင့် ဖြစ်ပြီး မစင်ကနေပဲ ကူးစက်ထားပါ။ ပိုးပါတဲ့ မစင်ကို ကိုင်တွယ်ပြီး လက်ကို သေချာမဆေးဘူး။ ပြီးတော့ အဲ့လက်နဲ့ အစားအစာ စားမယ်ဆိုရင် ပိုးကူးစက်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ဗိုက်ရစ်တာ၊ ဝမ်းလျှောတာ၊ လေပွတာတွေ ဖြစ်ပါတယ်။

 

၄။ အရေပြားရောဂါများ

 

မျက်စိနာတာ၊ ရေကျောက်ပေါက်တာ၊ ဝက်သက်ပေါက်တာ၊ အရေပြား ပိုးဝင်တာ စတာတွေကလည်း လက်မဆေးရင် ပိုဖြစ်တတ်ပါတယ်။ သူများကိုလည်း ကူးစက်တတ်ပါတယ်။

 

၅။ အသည်းရောင် အသားဝါ အေပိုး

 

ကံကောင်းတာက ဒီပိုးက ဘီပိုးက စီပိုးတွေလို နာတာရှည်ရောဂါ မဖြစ်ပါဘူး။ ဒါပေမယ့် ပိုးဝင်တဲ့ အချိန်မှာ အစာအိမ်နဲ့ အူလမ်းကြောင်း လက္ခဏာတွေ၊ ဖျားတာ၊ နုံးတာ၊ အသားဝါတာတွေ ဖြစ်နိုင်ပါတယ်။ သူကလည်း မသန့်တဲ့ လက်နဲ့ အစားစားရာကနေ ကူးစက်တာပါ။

 

၆။ အစာအဆိပ်သင့်တာ

 

လူအများ သိတာက အစာအဆိပ်သင့်တယ်ဆိုတာ အပြင်စာတွေ စားပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်တယ်ပေါ့။ ဒါပေမယ့် အိမ်မှာနေရင်း လက်မဆေးဘဲ အစားအစာချက်ပြုတ်ရင်ပဲ ဖြစ်ဖြစ်၊ အစာစားရင်ပဲ ဖြစ်ဖြစ် အစာအဆိပ်သင့်နိုင်တယ်ဆိုတာ သတိပြုပါ။

 

၇။ Shigellosis

 

ဒီပိုးက တိရစ္ဆာန်တွေနဲ့ လူတွေရဲ့ အူလမ်းကြောင်းမှာ ရှိနေပါတယ်။ ဒါကြောင့် အစားအစာတွေကို သေချာ မချက်ပြုတ်ရင်ပဲဖြစ်ဖြစ်၊ အသားစိမ်းတွေကို ကိုင်တွယ်ပြီး လက်မဆေးရင်ပဲ ဖြစ်ဖြစ် ဒီလက်နဲ့ အစာစားမယ်ဆိုရင် ကူးတတ်ပါတယ်။ လက္ခဏာတွေကတော့ ဝမ်းလျှောတာ၊ ဝမ်းပျက်တာတွေ ဖြစ်တတ်ပါတယ်။

 

၈။ သန်ကောင် ရောဂါ

 

အားလုံးသိတဲ့အတိုင်း အိမ်သာတက်ပြီး လက်မဆေးရင်ပဲ ဖြစ်ဖြစ်၊ ညစ်ပတ်တဲ့လက်နဲ့ပဲ ဖြစ်ဖြစ် အစားအစာတွေကို ကိုင်တွယ်စားသောက်မယ်ဆိုရင် သန်ဥလေးတွေ ဝင်လာပြီး နောက်ပိုင်းကျရင် သန်ထိုးတာတွေ ဖြစ်လာနိုင်ပါတယ်။

 

CDCရဲ့ အဆိုအရကတော့ လက်ကို သေချာဆေးမယ်ဆိုရင်

 

•           ဝမ်းလျှောတဲ့သူ အရေအတွက်က ၂၃-၄၀ ရာခိုင်နှုန်း

•           ခုခံအားကျတဲ့ သူတွေမှာ ဝမ်းလျှောတဲ့ နှုန်းက ၅၈ ရာခိုင်နှုန်း

•           တုပ်ကွေးလိုမျိုး ဖျားနာတာတွေက ၁၆ ကနေ ၂၁ရာခိုင်နှုန်း

•           ဝမ်းပျက်ဝမ်းလျှောကြောင့် ကျောင်းပျက်ရတဲ့ ကလေးအရေအတွက်က ၂၉ ကနေ ၅၇ ရာခိုင်နှုန်းအထိ အသီးသီး လျှော့ကျသွားပါမယ်တဲ့။

 

ဒါကြောင့် လက်ဆေးဖို့ မမေ့ပါနဲ့။ လက်မှာ ဘာမှမရှိလို့ ဆိုပြီး လက်ဆေးဖို့ မပျင်းပါနဲ့။ လက်မှာ မမြင်နိုင်တဲ့ ပိုးမွှားတွေမှ အများကြီးပါ။ ဒီပိုးမွှားတွေကြောင့်ပဲ ရောဂါတွေ အများကြီး ဖြစ်ရတာပါ။ ဒါကြောင့် စနစ်တကျ လက်ဆေးပြီး ရောဂါတွေကို ကာကွယ်လိုက်ပါ။

 

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win