အလင်းသစ်၊ နေမျိုး
(၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲအသီးသီး၌ သီဆို၊ တီးမှုတ်ကြရာတွင် ရွှေနှဲ၊ ငွေနှဲ၊ ရွှေစောင်းတော်၊ မင်္ဂလာ ရွှေဆိုင်းတော် စသည်ဖြင့် မြန်မာ့ရိုးရာတူရိယာတို့၏ တင့်တယ်ခမ်းနားခြင်း၊ ပြိုင်ပွဲဝင် အနုပညာရှင်တို့၏ အံ့မခန်းတီးကွက်များမှ ထွက်ပေါ်လာသော သောတမငြီးဖွယ် သံစဉ်များက ပြိုင်ပွဲဝင် အနုပညာရှင်များနှင့် အားပေးသူပရိသတ်အပေါ် လွှမ်းခြုံလျက် မိမိတို့ရိုးရာယဉ်ကျေးမှုအနုပညာအပေါ် မြတ်နိုးဂုဏ်ယူ စိတ်များ တဖွားဖွားဖြစ်ပေါ်လာရပေသည်။
ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်စသည့် ငါးပါးသော တူရိယာတို့နှင့် ဖွဲ့စည်းလျက် ကြည်နူးဖွယ်၊ လွမ်းမောဖွယ်၊ ပျော်ရွှင်ဖွယ်၊ တက်ကြွ စိတ်လှုပ်ရှားဖွယ်ရာ ခံစားမှုများကို ပေးစွမ်းနိုင်သော မြန်မာ့တူရိယာများနှင့် မြန်မာတို့၏ အဆို၊ အက၊ အရေး၊ အတီးဆိုင်ရာ အနုသုခုမပညာရပ်သည် သမိုင်းတစ်လျှောက် ခိုင်မာစွာတည်ရှိခဲ့သည်။
မြို့ပြယဉ်ကျေးမှု စတင်ထွန်းကားခဲ့သော လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့် ပျူယဉ်ကျေးမှု ခေတ်ကာလတွင် ရိုးရာပန်းပညာများနှင့် အဆို၊ အတီး၊ အက ပညာရပ်များ ထွန်းကားလျက်ရှိခဲ့ပြီး ဖြစ်သည်။
သရေခေတ္တရာမြို့ဟောင်းမှ တူးဖော်တွေ့ရှိရသော သီရိဝစ္ဆအမှတ်တံဆိပ်ပါ ကြေးခေါင်းလောင်းနှင့် ယင်း ကြေးခေါင်းလောင်းအတွင်းမှ တွေ့ရှိရသော ရှေးဟောင်းပျူကြေးရုပ်ငယ် ငါးရုပ်မှာ မြန်မာ့သမိုင်းတွင် အလွန် ထူးခြားလှသော ရှေးဟောင်းအနုသုခုမ ပညာဆိုင်ရာ အထောက်အထားများဖြစ်ပေသည်။
ကချေသည်၊ ဗုံတီးသူ၊ ခွက်ခွင်းတီးသူ၊ ပလွေ မှုတ်သူ၊ လူရွှင်တော်အရုပ်ဟု ယူဆရသော ကြေးသွန်းရုပ်ငယ်များ ဖြစ်သည်။ ယင်းကြေးသွန်း ရုပ်ငယ်တို့၏ တူရိယာများ၊ ကဟန်များက ယင်းခေတ်အခါကပင် အဆို၊ အက၊ အတီး စသည့် သဘင်နှင့် ဂီတဆိုင်ရာ အနုသုခုမပညာရပ်များ ထွန်းကားနေပြီဖြစ်သည်ကို ပြဆိုလျက်ရှိသည်။
မြန်မာ့ဆိုင်းဝိုင်းကြီး၏ မူလအစ
မြန်မာ့ဆိုင်းဝိုင်းကြီး၏ မူလအစကို ဦးကုလား ရာဇဝင်တွင် ပါရှိသော သက္ကရာဇ် ၉၀၆ ခုနှစ် မင်းတရားရွှေထီး စလင်းမြို့သိမ်းတိုက်ပွဲအထောက် အထားများအရ လွန်ခဲ့သော နှစ်ပေါင်း ၄၇၀ ကျော် တွင် ပတ်ဆိုင်းရှိနေပြီဖြစ်ကြောင်း သိရသည်။
ယင်းမှတစ်ဆင့် တစ်စတစ်စ တိုးတက်လာခဲ့ရာ ကုန်းဘောင်ခေတ်တွင် ပတ်လုံး ၁၉ လုံး၊ ဒုတိယကမ္ဘာစစ်မတိုင်မီ ရွာစားစိန်ဗေဒါတို့ခေတ် တွင် ပတ်လုံး ၂၁ လုံးဖြင့် တီးခတ်ခဲ့သည်။
ထိုမှတစ်ဆင့် ကြေးဝိုင်း ၁၈ လုံး၊ မောင်းဆိုင်း ၁၄ လုံးနှင့် နှဲအစရှိသည့် အသံစုံတူရိယာများသည် လက်ယာခြမ်းနှင့် ပတ်မကြီး၊ စခွန့် ခေါ် ပတ်မကြောင်၊ ခြောက်လုံးပတ်၊ စည်တို၊ စည်းဝါး၊ လင်းကွင်း အစရှိ သည့် တူရိယာများသည် ဆိုင်းဝိုင်းကြီး၏ လက်ဝဲခြမ်းတွင် နေရာယူဖွဲ့စည်း၍ ဝိုင်းတော်သားများကို ရွှေပိန်းချကနုတ်လက်ရာများဖြင့် စီခြယ် ထားသော ပဉ္စရူပ၊ ပန်းဆွဲ၊ ဖန်ပဒိုင်း စသည်တို့ဖြင့် အလှဆင်ထားသည့် မြန်မာ့ရွှေဆိုင်းတော်ကြီးကို ယနေ့မြင်တွေ့ရသော ပုံသဏ္ဌာန်အဖြစ် တိုးတက်လာသည့်မြင်ကွင်းကို တွေ့မြင်ရမည်ဖြစ်သည်။
ကြိုးတပ်တူရိယာများ မပါရှိ
မြန်မာ့တူရိယာအမျိုးအစားများကို လေ့လာမည်ဆိုပါက ဆိုင်းဝိုင်းတော်ကြီးတွင် ကြိုးတပ် တူရိယာများ မပါရှိကြောင်း တွေ့ရမည်ဖြစ်သည်။ ကြိုးတပ်တူရိယာများဖြစ်သော စောင်း၊ မိကျောင်း စောင်း၊ ပလွေ၊ ပတ္တလား၊ စည်းဝါးတို့နှင့်တွဲဖက်၍ သံချိုသံညင်း သီဆိုခြင်းများအတွက် အသုံးပြုခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
ထို့အတူ ဟင်းလင်းဖွင့် လဟာပြင်တွင် လွတ်လပ်စွာတီးခတ်ကြသော အိုးစည်၊ ဒိုးပတ်၊ ဗုံရှည် အစရှိသည်တို့ကို တွေ့မြင်နိုင်ပေသည်။ ရှေးခေတ်လုပ်ငန်းခွင်တွင် ဖျော်ဖြေမှုအဖြစ် တီးခတ်ခဲ့သော ဗုံကြီး၊ ဗုံရှည် စသည်တို့မှာ ပျောက်ကွယ်ခဲ့ပြီဖြစ်၍ စာအဖြစ်သာ ကျန်ရစ်ခဲ့သော်လည်း အိုးစည်၊ ဒိုးပတ်တို့မှာမူ ဒေသအနှံ့တွင် တွင်ကျယ်စွာ ဆက်လက်အသုံးတော်ခံလျက်ရှိပေသည်။
ထိုသို့ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော အနုသုခုမပညာရပ်များကို ယနေ့ခေတ် မျိုးဆက်သစ်များက ဆက်ခံလျက် အနုပညာအစွမ်းအစများ ထုတ်ဖော်ပြသကြသော (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် မြန်မာ့ရိုးရာဂီတ၊ မဟာဂီတနှင့် မြန်မာ့အကတို့ကို မြန်မာတူရိယာများဖြင့် တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက် ရေးစပ်သီဆို တီးမှုတ်ကပြလျက် မြန်မာ့ယဉ်ကျေးမှုအနုသုခုမ အမွေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းနေသည့် ပါရမီရှင် မျိုးဆက်သစ်များအား အနာဂတ်အတွက် အားရဖွယ်တွေ့မြင်ရပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
