၁၂   ဇန်နဝါရီ 

 

အိမ်နီးချင်းနိုင်ငံမှ ဝင်လာသော ပုဆိုးချုပ်ထည်တို့ကြောင့် မြန်မာ့ရက်ကန်း လုပ်ငန်းအပေါ် အကြီးအကျယ် စိန်ခေါ်မှုတို့ သက်ရောက်နေသည်ဟူသော စိတ်မချမ်းမြေ့စရာ သတင်းတို့ကို ကြားသိရပါသည်။

 

မိုင်ပေါင်းများစွာ ဖြတ်သန်းလာသော အိမ်နီးချင်းနိုင်ငံ၏ ပုဆိုးချုပ်ထည် တို့က ပြည်တွင်းဈေးကွက်၌ အဘယ်ကြောင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ကို အသေအချာအလေးအနက် လေ့လာရန် လိုအပ်ပါသည်။ အသေအချာ လိုအပ်နေသည်မှာ မြန်မာ့ရက်ကန်းတို့၏ စွမ်းဆောင်ရည်မြင့် တင်ရေးဖြစ်ပါသည်။

 

မြန်မာ့ရက်ကန်းလုပ်ငန်း တိုးတက်စေရန် ရည်ရွယ်၍လက်ခတ်သံဟု အမည်ပေးထားသော သုံးနှစ်ကြာစီမံကိန်းတစ်ရပ်ကို အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ဗြိတိသျှကောင်စီနှင့် Swiss Agency for Development and Cooperation တို့က ပူးပေါင်းအကောင်အထည် ဖော်လျက်ရှိပါသည်။လက်ခတ်သံစီမံကိန်း၏ ရည်မှန်းချက် တို့ကို လေ့လာပါက မြန်မာနိုင်ငံ၏ လက်ရက်ကန်းကဏ္ဍ ပိုမိုအားကောင်း လာစေရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် ဆောင်ရွက် ထားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ဤလုပ်ငန်းစီမံကိန်းအရ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းများရှိ လက်ရှိသင်ရိုးညွှန်းတမ်းများကို လေ့လာသုံးသပ်၍ လိုအပ်ချက်နှင့်အညီ အဆင့်မြှင့်တင်သွားမည်ဖြစ် ပါသည်။ ထို့အတူ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းများမှ ဆရာ ဆရာမများ၏ အရည်အသွေး ပိုမိုမြင့်မားလာရေးကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ယခုစီမံကိန်းက ပညာသင်ကြားရေး ကာလတွင် ဤကဲ့သို့ ဆောင်ရွက်ပေးသည် သာမက ရက်ကန်းကျောင်း ဆင်း တို့ကိုလည်း လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန် အထည်အလိပ် လုပ်ငန်းရှင် များနှင့် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

 

အဆိုပါလက်ခတ်သံစီမံကိန်း၏ ခြေလှမ်းတစ်ရပ်အနေဖြင့် ဗြိတိသျှကောင်စီက အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပသွားမည် ဖြစ်ပါသည်။ ဤအလုပ်ရုံဆွေးနွေးပွဲကို ဗြိတိသျှကောင်စီနှင့် အတူ ဗြိတိန်နိုင်ငံရှိ Plymouth College of Art (PCA) နှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့က ကူညီပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို အမရပူရမြို့ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ၌ ကျင်းပမည် ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်သည် အထည်အလိပ်ဒီဇိုင်း တီထွင် ဖန်တီးနိုင်ရေးနှင့် သင်ကြားရေးနည်းလမ်းဆိုင်ရာ သင်ရိုးညွှန်းတမ်းရေး ဆွဲနိုင်ရေးတို့ ဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက် များကို ပုံဖော်ရာ၌လည်း အနောက်တိုင်း ဈေးကွက်များကို နားလည်စေရေး အပါအဝင် ရိုးရာဒီဇိုင်းပုံစံများကို ဈေးကွက်လိုအပ် ချက်နှင့်အညီ ပြုပြင်နိုင်ရေးတို့ ပါဝင်သည်ဖြစ်၍ မြန်မာ့ရက်ကန်း လုပ်ငန်း၏ စွမ်းဆောင်ရည်ကို ထိထိရောက်ရောက် မြှင့်တင်နိုင်မည် ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။