ဝါရှင်တန်    အောက်တိုဘာ   ၂၉

လကမ္ဘာပေါ်တွင် စူးစမ်းလေ့လာမည့် အားတီးမစ် အမည်ရှိ စီမံချက်တစ်ရပ်ကို အမေရိကန်၏အာကာသအေဂျင်စီနာဆာက  ဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့ အင်န်အိတ်ချ်ကေသတင်းအရ သိရသည်။

ယင်းစီမံချက်အရ လူလိုက်ပါသည့် လဆင်းယာဉ်ကို ၂၀၂၆ ခုနှစ်  စက်တင်ဘာလတွင်  လပေါ်သို့ ဆင်းသက်ရန် စေလွှတ်သွားမည်ဖြစ်သည်။  ၎င်း လဆင်းယာဉ်ဆင်းသက်မည့် လပေါ်ရှိ နေရာ ကိုးခုကိုလည်း နာဆာက  အောက်တိုဘာ  ၂၈ ရက်တွင်  ကြေညာခဲ့ပြီး ၎င်းနေရာများသည် လ၏ တောင်ဘက်ဝင်ရိုးစွန်းအနီးတွင် တည်ရှိသည်ဟု သိရသည်။

အဆိုပါ လဆင်းယာဉ်ဆင်းသက်မည့်နေရာများတွင် လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ရန် အရင်း အမြစ်များ တည်ရှိခြင်း ရှိ၊ မရှိနှင့်   လုံခြုံစိတ်ချစွာ ဆင်းသက်နိုင်ခြင်း ရှိ၊ မရှိကို   နာဆာက  လေ့လာ အတည်ပြုခဲ့သည်။  ထို့ပြင် လ၏တောင်ဘက် ဝင်ရိုးစွန်းအနီးတွင် ရေ ရှိ၊ မရှိနှင့်  အကယ်၍ ရှိခဲ့ပါက ၎င်းရေအား လောင်စာ(သို့မဟုတ်) သောက်သုံးရေအဖြစ် သုံးစွဲရန် သင့်၊ မသင့်ကို ၎င်းလဆင်းယာဉ် တွင် လိုက်ပါမည့်  အာကာသယာဉ်မှူးများက  စစ်ဆေးအတည်ပြုမည်ဖြစ်သည်။ 

ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံက ဆောင်ရွက်မည့် အားတီးမစ်စီမံချက်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ပြီး ယင်းအချက်က ဂျပန်အာကာသယာဉ်မှူးများအား လပေါ်သို့ဆင်းသက်နိုင်မည့် အခွင့်အရေး များကို  ရရှိစေမည်ဖြစ်သည်။   ယင်းစီမံချက်အရ လပေါ်တွင်  စူးစမ်းလေ့လာမှုများကို ၂၀၂၆ ခုနှစ် အလွန်ကာလအထိ ဆောင်ရွက်မည်ဖြစ်ပြီး အနာဂတ်ကာလတွင်  အင်္ဂါဂြိုဟ်လေ့လာရေး လုပ်ငန်း များအထိ  တိုးတက်ဆောင်ရွက်မည်ဟု သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် -စိုးသူရ