နေပြည်တော် ဒီဇင်ဘာ ၂
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့ စာရင်းကိုင် (Certified Public Accountant – CPA) (ပထမပိုင်း) သင်တန်း၊ အမှတ်စဉ် - ၄၆ သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်းကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးက လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်းများကို အရည်အချင်းပြည့်ဝသည့် စာရင်းပညာရှင်အရေ အတွက် တိုးပွားစေရန်ရည်ရွယ်ပြီး ၁၉၇၂ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ရာ ယခုအချိန်တွင် စာရင်းပညာရှင် ၂၆၆၆ ဉီး ကို မွေးထုတ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတော် တည်ဆောက်ရေးကာလတွင် နိုင်ငံတော်ဘဏ္ဍာကို ထိရောက်စွာစီမံခန့်ခွဲနိုင်ရန် အတွက် စာရင်းပညာရှင်များ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသဖြင့် စာရင်း ပညာ၏တန်ဖိုးကို သိရှိနားလည်ရန် လိုအပ်ပါကြောင်း၊ ထို့အပြင် အတတ်ပညာသာမက ကျင့်ဝတ်သိက္ခာ လိုက်နာမှုနှင့် အသိပညာများ တိုးပွားစေရန်ကိုလည်း ကိုယ်တိုင်လေ့ကျင့်ကြိုးစား အားထုတ်ကြရန် လိုအပ်ပါကြောင်း။
လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းသည် ဘွဲ့လွန်သင်တန်းတစ်ခုဖြစ်ပြီး စာရင်းပညာရှင် အဖြစ်သတ်မှတ်ပေးသည့် သင်တန်းတစ်ခုလည်းဖြစ်၍ သင်တန်းသားများ၏ အသက်မွေးဝမ်း ကြောင်းအတွက် များစွာအထောက်အပံ့ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ ယနေ့လက် မှတ်ရ ပြည်သူ့စာရင်းကိုင်(ပထမပိုင်း) သင်တန်းဆင်းများသည် စာရင်းပညာရှင်တစ်ဉီးဖြစ်စေမည့် လေ့လာသင်ယူမှုပထမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သဖြင့် မိမိတို့၏ ရည်မှန်းချက်များ ပြည့်မြောက်စေရေးအတွက် ဆန္ဒ၊ ဝီရိယ၊ ပညာ ပေါင်းစပ်၍ မကြာမီဖြေဆိုရမည့် စာမေးပွဲတွင် ရလဒ်ကောင်းများရရှိစေရန် အားသွန်ခွန်စိုက်ကြိုးစားပြီး အရည်အချင်းပြည့်ဝသော စာရင်း ပညာရှင်များဖြစ်စေရေး ကြိုးပမ်း ကြစေလိုပါကြောင်း မှာကြားသည်။
အဆိုပါသင်တန်းကို နေပြည်တော်သင်တန်းကျောင်းတွင် သင်တန်းသား ၁၃၅ ဦးကို စာသင်ခန်း တက်ရောက်(Face To Face) ဖြင့်လည်းကောင်း၊ သင်တန်းသား ၂၉ ဦးကို Online ဖြင့် လည်းကောင်း၊ စုစုပေါင်း သင်တန်းသား ၁၆၄ ဦး သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)