ရန်ကုန် ဩဂုတ် ၁၁
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant – CPA) (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ် - ၄၆ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ် သင်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ခင်နိုင်ဉီး၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါ်နိုင်သက်ဉီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက နေပြည်တော်ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း ခေတ္တာခန်းမမှ အွန်လိုင်းဖြင့်တက်ရောက်ကြပြီး မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌဉီးဝမ်းတင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းမှ တာဝန်ရှိသူများ၊ ကထိကများနှင့် သင်တန်းသားများက ရန်ကုန်မြို့ရှိ အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နဝဒေးခန်းမမှ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က လက်မှတ်ရပြည်သူ့စာရင်းကိုင် သင်တန်းသည် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းဖြစ်သဖြင့် အရည်အချင်းပြည့်မီသော ပညာရှင်များအဖြစ် ရပ်တည်ဆောင်ရွက်နိုင်စေရန် ပညာရပ်ဆိုင်ရာ ဘာသာရပ်များ၊ အသိပညာဗဟုသုတများကို လေ့လာဆည်းပူးကြရမည်ဖြစ်ကြောင်း၊ မြန်မာ CPA များသည် အာဆီယံစီးပွားရေး အသိုက် အဝန်းမူဘောင်အရ ASEAN CPA အဖြစ် လျှောက်ထားပြီး ဒေသတွင်းနိုင်ငံများတွင် စာရင်းပညာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများရရှိနေပြီဖြစ်ရာ ပညာရပ်ဆိုင်ရာ ဖြစ်ထွန်းပြောင်းလဲနေမှုများကို မျက်ခြည်မပြတ်လေ့လာခြင်းဖြင့် မိမိတို့၏အရည်အချင်းကို မြှင့်တင်ကြိုးစားရမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် နိုင်ငံတော်မှအားထားရသည့် အရည်အချင်းပြည့်ဝပြီး ကျင့်ဝတ်သိက္ခာမြင့်မားသော စာရင်းပညာရှင်များအဖြစ် ရပ်တည် ဆောင်ရွက်နိုင်စေရေး ယခုသင်တန်းမှ သင်ကြားပို့ချမှုများကို အလေးထားလေ့လာသင်ယူကြ စေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းတွင် ၁၀ လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)