လက်ငင်းကိုင်တွယ်ဖြေရှင်းရမယ့် ရာသီဥတု ဖောက်ပြန်မှုအကျိုးဆက်ပြဿနာ မျိုးစိတ်ပေါင်း ၄၄၀၀၀ ကျော်၏ မျိုးသုဉ်းအန္တရာယ်

မြန်လင်းမောင်

အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (International   Union   for Conservation of Nature- IUCN)ရဲ့  နောက်ဆုံးထွက်ရှိလာတဲ့ အစီရင်ခံစာတစ်ရပ်အရ ကမ္ဘာပေါ်ရှိ  ဇီဝမျိုးစိတ်ပေါင်း ၄၄၀၁၆ မျိုးခန့်ဟာ မျိုးသုဉ်းအန္တရာယ် ခြိမ်းခြောက်ခံနေရပြီလို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုဟာ  ကမ္ဘာပေါ် မှာရှိတဲ့   သက်ရှိတွေရဲ့ ရပ်တည်မှုတွေကို ခြိမ်းခြောက်နေပြီး အခြေခံလူ့လိုအပ်ချက်များကို  ဖြည့်ဆည်းပေးနေတဲ့ သဘာဝရဲ့စွမ်းဆောင်ရည်တွေကို ကျဆင်းစေတယ် လို့  IUCN ညွှန်ကြားရေးမှူးချုပ် ဂရီသယ်အာဂွယ်လာက ထုတ်ပြန်ချက်မှာ ပြောကြားလိုက်ပါတယ်။ IUCN အနီရောင် စာရင်းသစ်ဟာ ရာသီဥတုနဲ့ ဇီဝမျိုးစုံမျိုးကွဲ အကျပ်အတည်းတွေအကြားက ခိုင်မာတဲ့ ချိတ်ဆက်မှုတွေကို မီးမောင်းထိုးပြ နေတာဖြစ်ပြီး မျိုးစိတ်တွေ ကျဆင်း လာတာဟာ ကမ္ဘာကြီး ပူနွေးလာမှုကို ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အောက်မှာ ထိန်းသိမ်းထားနိုင်ဖို့ဆိုတဲ့ အရေးပေါ်ရည်မှန်းချက်ကြီးကို ရပ်တန့်ပစ်လိုက်နိုင်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထင်သာမြင်သာတဲ့ အကျိုးဆက်တစ်ခုဖြစ်ပြီး လက်ငင်း ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာတစ်ခုဖြစ်တယ်လို့လည်း အာဂွယ်လာက ဆိုလိုက်ပါတယ်။

ကမ္ဘာ့လူဦးရေ အဆမတန်တိုးလာတာနဲ့အမျှ သဘာဝသယံဇာတ အရင်းအမြစ်တွေကို ပိုမိုထုတ်ယူ သုံးစွဲလာတာ‌ကြောင့် ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှုကို ပိုမိုဖြစ်ပေါ်လာစေပါတယ်။ အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN)ရဲ့ သုတေသနရလဒ်တွေအရ မျိုးစိတ်ပေါင်း ၁၅၇၀၀ ကျော်အနက် ၂၈ ရာခိုင်နှုန်းဖြစ်တဲ့ မျိုးစိတ်ပေါင်း ၄၄၀၀၀ ကျော်ဟာ မျိုးသုဉ်း မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ခြိမ်းခြောက်နေတဲ့ အကြောင်းတရားတွေကတော့ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ သဘာဝအကြောင်းတရားတွေ ပါဝင်ပါတယ်။ ဒါ့အပြင် IUCN ရဲ့ အကဲဖြတ်ချက်အရ ရေချိုငါးမျိုးစိတ်ပေါင်း ၃၀၈၆ မျိုးဟာ ရာသီဥတုဖောက်ပြန်မှုကြောင့် မျိုးသုဉ်းအန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဆိုတာ သိရပါတယ်။

ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးရခြင်းရဲ့ အဓိကအကြောင်းတရားတွေကတော့ - နေထိုင်ကျက်စားရာ ဒေသများ လျော့ပါး၊ ပျက်စီးလာခြင်း၊ သစ်တောများ ပြုန်းတီး လာခြင်း၊ လူဦးရေတိုးပွားလာပြီး မြို့ပြ ဖွံ့ဖြိုးလာတာနဲ့အမျှ လူနေအဆောက် အအုံတွေ ချဲ့ထွင်လာတာ၊ စိုက်ပျိုးမြေ များ ချဲ့ထွင်လာတာနဲ့ အခြားဖွံ့ဖြိုးရေးနဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် ဖြစ်ပါ တယ်။

ရာသီဥတုပြောင်းလဲမှု - လူသားတွေ အသုံးပြုကြတဲ့ ရုပ်ကြွင်းလောင်စာတွေကို လောင်မြိုက်ရာကတစ်ဆင့် ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်း စတဲ့ဓာတ်ငွေ့တွေဟာ လေထုထဲမှာ လိုအပ်တာထက် များလာပြီး ကမ္ဘာကြီးပူနွေးမှုကို ဖြစ်စေပြီးတော့ ရာသီဥတုကို ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒီလိုရာသီဥတု ပြောင်းလဲလာတာနဲ့အမျှ သက်ရှိတွေရဲ့ ပျံ့နှံ့ကျက်စားမှု၊ မျိုးပွားရှင်သန်မှုနှုန်းများနဲ့ ဂေဟစနစ်ရဲ့ ဟန်ချက်ညီမျှတမှုတွေကို အဟန့်အတားဖြစ်စေပြီး ဇီဝမျိုးစုံမျိုးကွဲ ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ ရာသီဥတု ဖောက်ပြန်တာတွေကြောင့် တောမီး လောင်ခြင်း၊ အပူလှိုင်းရိုက်ခတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း၊ ရေကြီးခြင်းနဲ့ မိုးခေါင်ရေရှားခြင်းစတဲ့ ဖြစ်ရပ်တွေဟာ ကမ္ဘာအရပ်ရပ်မှာ မကြာခဏ ဖြစ်ပွားနေပါတယ်။ ပညာရှင် တွေရဲ့ အဆိုအရ ၂၀၃၀ ပြည့်နှစ် မတိုင်ခင်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် တစ်နှစ်ကို လူဦးရေ ၅၃၀၀၀၀ ခန့် သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် သစ်တောတွေ ပြုန်းတီး လာတာကြောင့်လည်း သစ်တောထဲမှာရှိတဲ့ တောရိုင်းတိရစ္ဆာန်တွေဟာ လူနေ ဝန်းကျင်နဲ့ နီးကပ်တဲ့နေရာတွေဆီကို ရောက်လာပြီး ငှက်တုပ်ကွေး၊ အီဘိုလာ၊ ကိုဗစ်ကပ်ရောဂါလိုမျိုး ဗိုင်းရပ်စ်ရောဂါ ပိုးတွေ သယ်ဆောင်လာတာကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးမှုတွေကို လည်း ကြုံတွေခဲ့ရပြီး ကြုံတွေ့နေရဆဲလည်း ဖြစ်ပါတယ်။ ဒါဟာ သဘာဝတရားရဲ့ ဒဏ်ခတ်မှုတွေလို့လည်း ဆိုနိုင် ပါလိမ့်မယ်။

မြေ၊ ရေ၊ လေ ညစ်ညမ်းမှု- စက်ရုံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သတ္တုနဲ့တွင်းထွက် တူးဖော်ရေး လုပ်ငန်းတွေကနေထွက်တဲ့ အညစ်အကြေးတွေနဲ့ ပလတ်စတစ်ညစ်ညမ်းမှုတွေကြောင့်လည်း ဇီဝမျိုးစုံ မျိုးကွဲတွေရဲ့ အသက်ရှင်ရပ်တည်မှုကို ထိခိုက်စေပါတယ်။ ဥပမာဆိုပါက တစ်နှစ်မှာ ပလတ်စတစ် မက်ထရစ် တန်ချိန်ပေါင်း ၄ ဒသမ ၈ သန်းကနေ ၁၂ ဒသမ ၇ သန်းဟာ ပင်လယ်သမုဒ္ဒရာ တွေထဲကို ဝင်ရောက်နေပြီး ပင်လယ်နေ သတ္တဝါတွေအပေါ် ဆိုးကျိုးသက်ရောက် မှု များစွာပေးလျက်ရှိပါတယ်။

အရင်းအမြစ်တွေ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း- လွန်လွန်ကဲကဲ အမဲလိုက်သတ်ဖြတ်ခြင်း၊ ဖမ်းဆီး ရောင်းချခြင်း၊ ငါးဖမ်းဆီးခြင်း၊ သစ်ခုတ် ခြင်းတို့ဟာ ဇီဝမျိုးစုံမျိုးကွဲတွေ ဆုံးရှုံးမှုရဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။

ကျူးကျော်မျိုးစိတ်များ ဝင်ရောက်လာခြင်းတွေဟာ ဒေသရင်းမျိုးစိတ်တွေရဲ့ ရှင်သန်မှုကို လွှမ်းမိုးပြီး ဂေဟစနစ်ရဲ့ ဟန်ချက်ညီမျှမှုကို ပျက်စီးစေပါတယ်။

ကူးစက်ရောဂါပိုးများ များပြားလာခြင်း- ရောဂါပိုးရှိနေတဲ့ တိရစ္ဆာန်တွေကို ဖမ်းဆီးခြင်းနဲ့ ကုန်သွယ်ရောင်းချခြင်းကနေ ကူးစက်ရောဂါပိုးများ ပျံ့နှံ့လာပြီးသတ္တဝါတွေကို သေကျေ ပျက်စီးစေပါတယ်။

ဒါတွေဟာ ဇီဝမျိုးစုံမျိုးကွဲတွေ ဆုံးရှုံးခြင်းကိုဖြစ်စေတဲ့ အခြေခံအကြောင်းတရားတွေ ဖြစ်ပြီးတော့ ဒီလိုသိရှိနားလည်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိမျိုးစိတ်တွေ ဒီထက်ပိုပြီး ပျောက်ကွယ်မသွားအောင် ထိန်းသိမ်း ကာကွယ်ကြဖို့လိုပါတယ်။

 

ဘယ်လိုကာကွယ်ကြရမလဲ

 

မျိုးစိတ်တွေ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းနိုင်ဖို့အတွက် ကျွန်တော်တို့ လူသားတွေအနေနဲ့ လုပ်ဆောင်နိုင်တဲ့ အချက်တွေကတော့ သစ်ပင်တွေစိုက်ပျိုးပါ။ ပလတ်စတစ်နဲ့ ဓာတုပစ္စည်းတွေကို လျှော့ချသုံးစွဲပါ။ မလိုအပ်တဲ့ပစ္စည်းတွေ မဝယ်ပါနဲ့။ ဒေသထွက် အော်ဂဲနစ်အစားအစာတွေကို အဓိကဝယ်ယူ စားသောက်ပါ။ အစားအသောက်တွေကို အလကားမဖြစ်ပါစေနဲ့။ ဒါဟာ လူသားတွေအတွက်လိုအပ်တဲ့ အစားအစာထုတ်လုပ်ဖို့ သဘာဝသယံ ဇာတအရင်းအမြစ်တွေ အသုံးပြုမှု၊ စွမ်းအင်နဲ့ ကုန်ကြမ်းတွေ အသုံးပြုရမှုကို တစ်ဖက်တစ်လမ်းက လျှော့ချပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒီအချက်တွေကို တစ်ဦးချင်းကအစ လိုက်နာ လုပ်ဆောင်ခြင်းအားဖြင့် ကျွန်ုပ်တို့ အသက်ရှင်ရပ်တည်ဖို့အတွက် အခမဲ့ဝန်ဆောင်မှုတွေပေးနေတဲ့ ဂေဟစနစ်တွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ပြန်လည်ပေါများလာဖို့ မိမိတို့တတ်နိုင်တဲ့ ဘက်က ကာကွယ် ထိန်းသိမ်းဖို့အတွက် နည်းလမ်းကောင်းတွေအဖြစ် မျှဝေ လိုက်ရပါတယ်။ ။

ကိုးကား -

(၁) 44,000 Species Are Threatened With Extinction, IUCN Reports

(၂) Myanmar Costal Consetvation Lab(MCCL)