နေပြည်တော် ၂၉ စက်တင်ဘာ
(၇၄)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန် နယူးယောက်မြို့၌ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၇ ရက်တွင် နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာစာချုပ်စာတမ်းများ ချုပ်ဆိုပွဲအခမ်းအနား (Treaty Event 2019) သို့ တက်ရောက်ခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှု နှင့်စပ်လျဉ်း၍ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကွန်ဗင်းရှင်း၏ နောက်ဆက်တွဲအခြေပြစာချုပ် (CRC-OPAC) သို့ အတည်ပြု ပါဝင်ရေးစာချွန်လွှာ (Instrument of Ratification) ကို စာချုပ်ထိန်းသိမ်းသူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံသို့ ကုလသမဂ္ဂဥပဒေရေးရာဌာန အကြီးအကဲမှတစ်ဆင့် ပေးအပ်ခဲ့ သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကုလသမဂ္ဂဘက်မှ ကုလသမဂ္ဂဌာနချုပ် ဥပဒေရေးရာဌာန Under Secretary - General ဖြစ်သူ Mr. Miguel de Serpa Soares နှင့် ယင်းဌာန၏ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းများဌာနခွဲ၏ ခေတ္တအကြီးအကဲ Mr. David K. Nanopoulos တို့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Virginia Gamba တို့ တက်ရောက်ကြသည်။
မြန်မာနိုင်ငံသည် အဆိုပါနောက်ဆက်တွဲ အခြေပြစာချုပ်အား အတည်ပြုသည့် ၁၆၉ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး မြန်မာနိုင်ငံအနေဖြင့် နောက်ဆက်တွဲစာချုပ်အား ပြည်တွင်းအခြေအနေများ နှင့်လျော်ညီစွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် အာတီကယ် ၃(၂) အား "ကြေညာချက်"နှင့် အာတီကယ် ၄ အား "အဓိပ္ပာယ်ရှင်းလင်း ကြေညာချက်" တို့ကို ထုတ်ပြန်လျက် အတည်ပြုပါဝင်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ကလေးသူငယ်အခွင့်အရေးများ ကာကွယ်ရေး ဥပဒေအသစ်ကို ပြည်တွင်း၌ အတည်ပြုပြဋ္ဌာန်းပြီးနောက် ယခု အခြေပြ စာချုပ်ကို အတည်ပြု ပါဝင်နိုင်ခဲ့ခြင်းသည် ကလေးသူငယ်များ၏ အခွင့်အရေးကာကွယ်ရေးအတွက် သိသာထင်ရှားသည့် နောက်ထပ်ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


