နေပြည်တော် ၁၀ ဇူလိုင်
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု များမှ ကာကွယ်တားဆီးရေးကော်မတီ၏ ပဉ္စမအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ကော်မတီကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက စတင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများအကောင်အထည်ဖော်ရန် ညှိနှိုင်း ဆွေးနွေးမှုများဆောင်ရွက်ခဲ့ရာ ယနေ့အစည်းအဝေးသည် (၅)ကြိမ်မြောက်ဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေလည်း ပေါ်ပေါက်ပြီးဖြစ်သည့်အတွက် ကလေး သူငယ်များ၏ အခြေခံလူ့အခွင့်အရေးများရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဘယ်အခြေအနေအထိ ဆောင်ရွက်နိုင်ပြီဆိုသည်ကို ပြန်လည်ဆန်းစစ်ဖို့လိုကြောင်း၊ မိမိတို့နိုင်ငံနှင့်ပတ်သက်၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများကို ရေးသားဖော်ပြနေမှုများရှိကြောင်း၊ မိမိတို့ကော်မတီ အနေဖြင့် လုပ်ငန်းတာဝန်(၁၀)ရပ်ကို ချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကျူးလွန်မှုများ မဖြစ်ပွားစေရေး လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များအား အသိပညာပေးမှုများ၊ ကြိုတင်ကာကွယ်သည့် သင်တန်းများ အကောင်အထည်ဆောင်ရွက်ရန်နှင့် လုပ်ငန်း အစီအစဉ်များချမှတ်ရေး ကော်မတီက တိုက်တွန်းရန်ဖြစ်ကြောင်း၊ လက်နက်ကိုင်အဖွဲ့များသို့ အသက်မပြည့်သေးဘဲ စုဆောင်းခြင်းမှ တားဆီးကာကွယ်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းထားသည့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး ကော်မတီနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ကြောင်း။
အကြမ်းဖက်ခြင်းခံရသည့် ကလေးသူငယ်များအတွက် ဆေးကုသမှု၊ စိတ်ပိုင်းရုပ်ပိုင်း ဆိုင်ရာ ပြန်လည်ထူထောင်မှု၊ ဥပဒေရေးရာပံ့ပိုးမှုနှင့် ဘဝရပ်တည်နေထိုင်မှုတို့အတွက် ထောက်ပံ့ပေးမှုများပေးရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သော UNICEF, UNDP အဖွဲ့အစည်းများ အပါအဝင် CTFMR နှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာတပ်ဌာနချုပ်များ၊ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများ မရှိစေရန် သတ်မှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စောင့်ကြည့် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ကော်မတီ၏ ဆောင်ရွက်ချက်များကို မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် ရေး ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များမှ သွေဖီဖောက်ဖျက်သည့် သတင်း အချက်အလက်များ ရရှိပါက ကော်မတီအနေဖြင့် သက်ဆိုင်ရာ အရပ်ဘက်၊ စစ်ဘက်ဌာန များသို့ ညှိနှိုင်းအသိပေးပြီးစိစစ်၍ လိုအပ်ပါက အချိန်မီ ပြုပြင်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ အဆိုပါ ကျူးလွန်မှုများ ဖြစ်ပွားပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူရန်လည်း လိုအပ်ကြောင်း။
ထို့အပြင် နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းတွေ့ရှိချက်တွင် ကြီးလေးသောကျူးလွန်မှု (၆)ရပ်နှင့်ပတ်သက်မှုများ တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကြေငြာချက်တွင် တပ်မတော်ကို အရွယ်မရောက် သေးသော ကလေးစစ်သားစုဆောင်းမှု အစီရင်ခံစာနောက်ဆက်တွဲစာရင်းကနေ ပယ်ဖျက် ပေးလိုက်ခြင်းသည် ကောင်းမွန်သည့် အချက်ဖြစ်၍ ဝမ်းသာကြိုဆိုပါကြောင်း၊ သို့သော်လည်း နိုင်ငံအတွက် စိန်ခေါ်မှုများရှိနေဆဲဖြစ်ပါကြောင်း၊ စာရင်းကနေ ပယ်ဖျက်ပေးမှုအပေါ် နိုင်ငံတကာအဖွဲ့ အစည်းအချို့က ပြန်လည်သုံးသပ်ဖို့ တောင်းဆိုနေကြကြောင်း၊ ရခိုင်ပြည် နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများအကြားတွင် ထိခိုက်၊ သေဆုံးသူများထဲတွင် ကလေးသူငယ် များလည်း ပါဝင်နေသည်ကို တွေ့ရကြောင်း၊ ထို့အပြင် COVID အခြေအနေကို အကြောင်းပြပြီး စွပ်စွဲပြောဆိုမှုများလည်းရှိကြောင်း၊ COVID နှင့်ပတ်သက်ပြီး မိမိတို့ အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ယခုနှစ် မတ်လထဲက ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်မှုများ စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေးမှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားရှိကြောင်း၊ မိမိတို့အနေဖြင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို အဖွဲ့ဝင် ဌာနဆိုင်ရာ အသီးသီးက အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ အတွင်းရေးမှူးက ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို တင်ပြရာတွင် အမျိုးသားအဆင့် လုပ်ငန်းစီမံ ချက်ကို လုပ်ငန်းကော်မတီအစည်းအဝေးတွင် အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မရုံးသို့ တင်ပြ ထားပါကြောင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် Help Line များထားရှိပြီး ဖြစ်ရပ်များကို တိုင်တန်းနိုင်ရေး စီစဉ်ထားမှုများကို တင်ပြဆွေးနွေးသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီအဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက လုပ်ငန်းတာဝန် (၁၀)ရပ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ကိစ္စများ၊ ကလေးစစ်သားစုဆောင်းမှု အစီရင်ခံစာ နောက်ဆက်တွဲစာရင်းကနေ ပယ်ဖျက်ခံရပြီးသည့် အတွက် ပြန်လည်၍ စာရင်းမဝင်စေရန် ဆောင်ရွက်ကြရမည့် အခြေအနေများ၊ လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ကလေး သူငယ်များ သေကြေခြင်းထိခိုက်ဒဏ်ရာရစေမှုတို့ကို တားဆီးကာကွယ်ရေး ကိစ္စသည် မြေပြင်အခြေအနေ တိုးတက်မှုရှိသည်နှင့်အမျှ အချိန်တိုအတွင်း စာရင်းမှပယ်ဖျက် ခံရခြင်းဖြစ်နိုင်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများ၊ လုပ်ငန်းစီမံချက် အတည်ပြုပြီးပါက သက်ဆိုင်ရာအဖွဲ့အစည်းများက လိုအပ်သော ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်ရေး အတွက် ကော်မတီက ညွှန်ကြားညှိနှိုင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ စစ်ရေးချုပ်ရုံး၊ စစ်ဥပဒေချုပ်ရုံး၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတို့မှ အဖွဲ့ဝင်အဆင့်မြင့်အရာရှိကြီးများ၊ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


