နေပြည်တော် ၃၁ အောက်တိုဘာ

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ  (၄/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက County Task Force on Monitoring and Reporting – CTFMR အဖွဲ့၏ အကြံပြုချက်များကို ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက ဖြည့်စွက်ဆွေးနွေးကြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၆၁၂(၂၀ဝ၅)နှင့် နောက်ဆက်တွဲ ဆုံးဖြတ်ချက်များအရ သတ်မှတ်ထားသော လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု(၆)ရပ်ဖြစ်သည့် ကလေးသူငယ်များအား သေကြေထိခိုက်ဒဏ်ရာရစေခြင်း၊ အရွယ်မရောက်သေးသူများအား လက်နက်ကိုင် အဖွဲ့များသို့ စုဆောင်းခြင်း၊ ကျောင်းနှင့် ဆေးရုံများအား တိုက်ခိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခြင်း၊ ကလေးသူငယ်များအား ပြန်ပေးဆွဲခြင်းနှင့် ကလေးသူငယ်များအား လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပိတ်ပင်ခြင်းတို့မှ ကာကွယ်တားဆီး ရန်အတွက် "လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ" ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

သန့်ဇော်