ဟယ်ဆင်ကီ မတ် ၉
ကမ္ဘာတစ်ဝန်းမြင့်တက်လာသော ပဋိပက္ခဖြစ်ပွားမှုများကြောင့် လက်နက်ဝယ်ယူမှု မြင့်တက်လာမှု၊ အမေရိကန်နိုင်ငံအနေဖြင့် ဥရောပမဟာမိတ်များအပေါ် ပေးထားသည့်ကတိအတိုင်း ဆက်လက်တည်တံ့နိုင်မည်လားဆိုသည့်အပေါ် မသေချာမရေရာမှုများကြောင့် ပြီးခဲ့သည့် ငါးနှစ်အတွင်း ဥရောပဒေသသည် လက်နက်တင်သွင်းမှု အများဆုံးဒေသဖြစ်လာကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးသုတေသန အင်စတီကျု (SIPR) ၏ မတ် ၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
SIPR က ဖော်ပြသော အချက်အလက်များအရ ဥရောပဒေသ၏ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်ကြား လက်နက်တင်သွင်းမှုပမာဏမှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်က စံချိန်တင်တင်သွင်းခဲ့သော ပမာဏထက် သုံးဆကျော်မြင့်တက်လာကြောင်း သိရသည်။ ဥရောပဒေသ၏ လက်နက်တင်သွင်းမှု မှာ ၂၀၂၁ ခုနှစ် နှင့် ၂၀၂၅ ခုနှစ်ကြား ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်သွင်းမှု၏ ၃၃ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြားတွင် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်သွင်းမှု၏ ၁၂ ရာခိုင်နှုန်းသာရှိခဲ့သည်။
ဥရောပနိုင်ငံများသည် ပြည်တွင်းလက်နက်ထုတ်လုပ်မှုများကို တိုးချဲ့ထုတ်လုပ်ရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသော်လည်း အထူးသဖြင့် တိုက်ခိုက်ရေးလေယာဉ်များနှင့် တာဝေးပစ်လေကြောင်းရန် ကာကွယ်ရေးစနစ်များတွင် အမေရိကန်ပြည်ထောင်စုမှ တင်သွင်းမှုများကို အလွန်မှီခို အားထား နေရဆဲဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော ငါးနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှ ထောက်ပံ့ပေးထားသော လက်နက်များသည် ဥရောပဒေသ လက်နက်တင်သွင်းမှု အားလုံး၏ ၄၈ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။
ဆင်ဟွာ


