ကျောက်ပန်းတောင်း   ၉    ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားကျေးရွာရှိ ဒေသမျိုးရင်း ကြက်ကြော် ရောင်းချသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နှင့်စည်ပင်သာယာရေးအ ဖွဲ့တို့မှ တာဝန်ရှိသူများကွင်းဆင်း၍ ဇူလိုင်(၉)ရက်နေ့ နံနက်(၉) နာရီက ကျန်းမာရေးနှင့်အညီ ရောင်းချနိုင်ရေး စစ်ဆေးပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်က ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရုံးခန်းတွင် ဒေသတိုင်းရင်းကြက်ကြော် ရောင်းချသူများနှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး၊ ကိုဗစ်-၁၉ကူးစက်မှု ကာကွယ်ရေး လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများနှင့် စနစ်တကျ လက်ဆေးနည်းများကို ပညာပေးဟောပြောသည်။

 

ယင်းနောက် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်မြသန္တာထွန်းနှင့်ဝန်ထမ်းများက ဈေးရောင်းချနေသည့် စုရပ်များသို့ သွားရောက်၍ ရောင်းကုန်ပစ္စည်များအား ယင်မနားအောင် ဆောင်ရွက်ရေး၊ နှာခေါင်းစည်း mask များတတ်ဆင်ရောင်းချရေးနှင့် ဈေးရောင်းချနေသည့် အချိန်များတွင် မိမိရောင်းချသည့် စားသောက်ကုန်ပစ္စည်းများကို လက်အိပ်ပါသည့် လက်နှင့်သာ ကိုင်တွယ်ရောင်းချရေးနှင့် ဈေးကွက်မှန်ကန်စေရေးတို့ကို စစ်ဆေးပညာပေးခဲ့ကြောင်း သိရသည်။

 

လက်ပံပျားကျေးရွာတွင် ဒေသမျိုးရင်း ကြက်ကြော်ရောင်းချသူများအဖွဲ့ကို (၅-၁၁-၂၀၁၉)ရက်နေ့က စားသုံးသူ ရေးရာဦးစီးဌာနမှ ဦးစီး၍ အသင်းဝင် (၃၃)ဦးနှင့် စတင်ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ တစ်နိုင်ငံလုံးက လာရောက်သည့် ခရီးသွားဧည့်သည်များ နှစ်ခြိုက်စွာ ဝယ်ယူစားသုံးလေ့ရှိသည့် လက်ပံပျား ကြက်သားကြော်၏ အရသာနှင့်အရည်အသွေး မကျ ဆင်းစေရန်နှင့် ဒေသပုံရိပ် ထိခိုက်မှု မရှိအောင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍  ကြပ်မတ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရဿည်။

 

နေအောင်(ပြန်/ဆက်)