၂၂ မတ်

 

လက်ပံပွင့်နီရဲရဲတို့ တဖွဲဖွဲမြေကြွေသည့် နွေရာသီ၏အလှကို စာပန်းချီခြယ်ခဲ့ကြသလို “လက်ပံပွင့်ချိန် ခွေးရူးချိန်” ဟူ၍လည်း သတိပေးလေ့ရှိခဲ့ကြသည်။ ပူပြင်းသည့်နေရောင်အောက်တွင် အမြီးကုပ်ကုပ် သွားရည်တများများနှင့် ခွေးလေခွေးလွင့်တို့ကိုလည်း တွေ့ရမြင်ရ တိမ်းရှောင်ကြရသည်။ မတိမ်းမရှောင်၍လည်းမဖြစ်၊ ခွေးရူးပြန်ရောဂါသည် ကူးစက်ခံရပါက ရာနှုန်းပြည့် အသက်အန္တရာယ်ပြုနိုင်သည့် ရောဂါဆိုးဖြစ်သည်။

 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ မှတ်တမ်းတစ်ခုအရ မိမိတို့နိုင်ငံ တည်ရှိရာ အရှေ့တောင်အာရှဒေသသည် ကမ္ဘာပေါ်တွင် ခွေးရူးပြန်ရောဂါဖြစ်ပွားမှု အများဆုံးဒေသတစ်ခုဖြစ်သည်။ ဒေသအတွင်း နှစ်စဉ်ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှု ၂၅၀ဝဝ ကျော်ရှိရာ တစ်က္ဘာလုံး၏ ၄၅ ရာခိုင်နှုန်းခန့်ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံကမူ နှစ်စဉ် ခွေးရူးပြန်ရောဂါကြောင့် လူ ၁၀ဝဝ ခန့် သေဆုံးရာ ဒေသတွင်းဒုတိယဖြစ်ကြောင်း၊ အိန္ဒိယတွင်နှစ်စဉ် ခွေးရူးပြန်ရောဂါကြောင့် လူ ၂၀ဝဝဝ သေဆုံးရာ ဒေသတွင်းအများဆုံး အရေအတွက်ပင်ဖြစ်ကြောင်းဖြင့်လည်း အဆိုပါ မှတ်တမ်းက ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၅၀ ကျော်တွင် ခွေးကောင်ရေ လေးသန်းခန့် ရှိပြီး နှစ်စဉ် လူခြောက်သိန်းခန့် ခွေးကိုက်ခံရကြောင်း၊ အများစုမှာ ကလေးများဖြစ်ကြောင်း၊ အတည်မပြုနိ်ုင်သော စာရင်းဇယားများအရ မြန်မာနိုင်ငံရှိ လမ်းဘေးခွေး ၇၅ ရာခိုင်နှုန်းမှာ ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ် ပိုးများရှိကြောင်းဖော်ပြထားရာ အထူးဂရုပြုရန် လိုအပ်သည်ဟု ရှုမြင်မိသည်။

 

 

ခွေးရူးပြန်ရောဂါသည် လူတို့နှင့်အနေနီးသောခွေး၊ ကြောင်တို့တွင် ကူးစက်နေနိုင်ပြီး ရောဂါသယ်ဆောင်ထားသည့် ခွေး၊ ကြောင်တို့၏ကုတ်ခံရခြင်း၊ ကိုက်ခံရခြင်း၊ ၎င်းတို့၏ သွားရည်နှင့်အနာ၊ ဒဏ်ရာများကို ထိမိခြင်းတို့ကြောင့် ကူးစက်ခံရနိုင်သည်။ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူထံမှရရှိသည့် မျက်ကြည်လွှာနှင့် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများအား အစားထိုးကုသမှုခံရပါကလည်း ခွေးရူးပြန်ရောဂါကူးစက်နိုင်သည်။ မိမိတို့၏ အိမ်မွေးတိရစ္ဆာန်ခွေး၊ ကြောင် စသည်တို့ အမူအရာပြောင်းလဲလာခြင်း၊ ဒေါသကြီးပြီး ကိုက်တတ်လာခြင်း၊ တုတ်၊ အမှိုက်စ၊စက္ကူတို့ကိုစားခြင်း၊ အသံအက်ဖြင့် ဟောင်ခြင်း၊ အူခြင်း၊ ရေ၊ လေကြောက်ခြင်း၊ ဂနာမငြိမ်ခြင်း၊ သွားရည်တများများကျခြင်း၊ အမြီးကုပ်ခြင်း စသည့်လက္ခဏာများ ဖြစ်ပေါ်လာပါက ခွေးရူးပြန်ရောဂါဖြစ်ပွားနေခြင်းပင် ဖြစ်သည်။ ကြိုတင်ကာကွယ်မှုအနေဖြင့် ခွေး၊ ကြောင် များကို ခွေးရူးပြန်ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်း၊ လိုအပ်ပါက ခွေး၊ ကြောင်များနှင့် အနီးကပ် နေရသူ၊ ကိုင်တွယ်နေသူများကိုပါ ခွေးရူးပြန်ရောဂါကာ ကွယ်ဆေးထိုးနှံခြင်းတို့ ပြုလုပ်ရမည် ဖြစ်သည်။

 

 

ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေရေးအတွက် ခွေးကိုက်ခံရသည့် ဒဏ်ရာကို ရေ၊ ဆပ်ပြာတို့ဖြင့် အနည်းဆုံး ၁၅ မိနစ်ကြာအောင် ဆေးကြောရန်၊ အနာကိုအရက်ပြန်၊ ဘီတာဒင်း စသည့် ပိုးသန့်စင်ဆေးရည်ထည့်ရန်၊ ဦးခေါင်း၊ လည်ပင်းနှင့် လက်ချောင်းထိပ်တို့တွင် ကိုက်ခံရပါက အရေးပေါ်ချက်ချင်းကုသမှုခံယူရန်၊ နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရောက်၍ ကုသမှုခံယူရန်နှင့် ခွေးရူးပြန်ရောဂါ မဖြစ်စေရန် တစ်ခုတည်းသော ကာကွယ်သည့်နည်းလမ်းမှာ ခွေးရူးပြန် ရောဂါ ကာကွယ်ဆေးကို အမြန်ဆုံးနှင့် အကြိမ်ပြည့် ထိုးနှံရန်သာဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း