ပခုက္ကူ စက်တင်ဘာ ၂၀

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လက်ပံတို-သာကြီးတောင်-အရာတော် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးတာဝန်သိမှု (CSR)ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် စာသင်ကျောင်းဆောင်လုပ်ငန်းများပေးအပ်ပွဲကို စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲက ပခုက္ကူမြို့နယ်၊ ရေလာလေးစံပြကျေးရွာ၊ မူလတန်းလွန်ကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ လက်ပံတို-သာကြီးတောင်-အရာတော်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေကြီးကြပ်ရေး အင်ဂျင်နီယာ ဦးအောင်မိုးက ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွင်း လူမှုရေးတာဝန်သိမှု(CSR)ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် စာသင်ကျောင်းဆောင် တည်ဆောက်ပြီးစီးမှုလုပ်ငန်းများ အကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ (CSR)ရန်ပုံငွေကျပ်(၆၉)သိန်းကျော်ဖြင့် အလျားပေ ၆၀၊ အနံ ၃၉ ပေရှိသည့် ရေလာလေးစံပြကျေးရွာ မူလတန်းလွန်ကျောင်းအား မျက်နှာကြက်တပ်ဆင်ခြင်း၊ ဆေးထပ်မံသုတ်ခြင်း၊ ရန်ပုံငွေကျပ် (၂၁)သိန်းကျော်ဖြင့် စာသင်ကျောင်းဆောင်နှစ်ခန်းတွဲ ရေလောင်းအိမ်သာ တည်ဆောက်ခြင်း၊ ရန်ပုံငွေကျပ်ရှစ်သိန်းကျော်ဖြင့် စာသင်ကျောင်းဆောင်မိလ္လာကန်နှင့် ရေစုပ်ကန်တည်ဆောက်ခြင်းလုပ်ငန်းတို့နှင့် ပတ်သက်သည့် စာရွက်စာတမ်း အချက်အလက်များကို တည်ဆောက်ရေး လုပ်ငန်းတာဝန်ရှိသူများက ပေးအပ်ကြရာ သက်ရာကျောင်းအုပ်ကြီးများ လက်ခံရယူပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ကြသည်။

ထို့နောက်  တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေတို့အား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ နိုင်ငံတော်ပိုင်ကုမ္ပဏီက ဘဏ္ဍာရေးနှစ်တနှစ်၏ အမြတ်ငွေများမှ ၂ ရာခိုင်နှုန်းကို ဓာတ်ငွေ့လိုင်း၊ ရေနံလိုင်း ဖြတ်သန်းသည့် မြို့နယ်၊ ကျေးရွာများရှိ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝဖွံဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများမှ လိုအပ်သည့်နေရာများတွင် နှစ်စဥ်တည်ဆောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပြန်/ဆက်)