လက်ပံတန်း ၁၃ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့၌ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်မှ အရေးကြီး ကာလဖြစ်သည့် မဟာသင်္ကြန်ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအတွက် အခြေခံစားသောက်ကုန်ပစ္စည်း (၅)မျိုးအား ထောက်ပံ့ ဖြန့်ဝေပေးလျက်ရှိရာ ယနေ့ဒုတိယနေ့အဖြစ် အိမ်ထောင်စု ၁၂၀၃ စုအား ဆက်လက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကြိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းနှင့် တာဝန်ရှိသူများက ဖြန့်ဝေပေးခြင်းဖြစ်သည်။
ထိုသို့ ဖြန့်ဝေရာတွင် အိမ်ထောင်စုတစ်စုလျှင် အခြေခံ စားသောက်ကုန် (၅) မျိုးဖြစ်သော ဆန် (၈)ပြည်၊ ဆီ(၅၀) ကျပ်သား၊ ပဲ(၁)ပိဿာ၊ ဆား(၅၀)ကျပ်သား၊ ကြက်သွန်နီ(၁)ပိဿာတို့ ဖြန့်ဝေပေးနေခြင်း ဖြစ်သည်။
လက်ပံတန်းမြို့နယ် အနေဖြင့် ပထမနေ့က အိမ်ထောင်စု ၁၄၄၇ စု၊ယနေ့ ဒုတိယနေ့တွင် ရပ်ကွက် နှစ်ခုရှိ အိမ်ထောင်စု ၁၂၀၃ စုအား ဖြန့်ဝေခြင်းဖြစ်ပြီး ကျန်ရှိနေသည့် မြို့ပေါ်ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စုမှ အိမ်ထောင် စုပေါင်း (၁၃၃၈၉) စုကို နောက်ရက်များတွင် ဆက်လက်ဖြန့်ဝေ ပေးသွားမည်ဖြစ်သည်။
လက်ပံတန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်ကြီး (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၉) အုပ်စု ၊ ကျေးရွာ ပေါင်း (၃၁၀) ရွာရှိသည်။ တစ်မြို့နယ်လုံးတွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း( ၁၆၀၃၉ )စု ရှိပြီး အဆိုပါ အိမ်ထောင်စုဝင်များ အတွက် ဆန်(၅၃၄၆ အိတ်) ၊ ဆီ ပိဿာ( ၈၀၂၀ ) ၊ ဆား ပိဿာ (၈၀၂၀) ၊ ကြက်သွန် (၁၆၀၃၉) ပိဿာ ၊ ပဲ (၁၆၀၃၉) ပိဿာကို ဖြန့်ဝေပေးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး


