လက်ပံတန်း အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း သီတင်းသုံး နေထိုင်တော်မူသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဆွမ်းကိစ္စများ အဆင်ပြေစေရန်အတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စသည့်အခြေခံစားသောက်ကုန်များ ဆက်ကပ်လှူဒါန်းခြင်းကို အောက်တိုဘာ ၂ ရက် က ရွှေတောင်ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ လှူဒါန်းမှုအခမ်အနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ မြို့နယ်သံဃာ့နာယက အဖွဲ့ ဥက္ကဋ္ဌ ရွှေတောင်ကျောင်းဆရာတော်ထံမှ ဩဝါဒခံယူပြီး သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။
ထို့နောက် သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက လက်ပံတန်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၁၈၃)ကျောင်းမှ သံဃာ(၇၄၄)ပါးအတွက် ဆန်(၁၄၉)အိတ်၊ ဆီ (၃၇၂) ပိဿာ၊ ဆား (၃၇၂) ပိဿာနှင့် ပဲ (၃၇၂) ပိဿာ တို့ကို ရဟန်း၊ သံဃာ၊ သီလရှင်တို့ထံ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရဟန်း၊ သံဃာ၊ သီလရှင်တို့အား ဌာနဆိုင်ရာများ၊ အလှူရှင်များက အဖွဲ့များခွဲ၍ ကျေးရွာအုပ်စုများအရောက် လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် Stay At Home ကာလအတွင်း လက်ပံတန်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၂၈၄)ကျောင်းရှိ ရဟန်း၊ သံဃာ(၁၁၇၆)ပါး၊ သီလရှင် ( ၅၃)ပါး၊ စုစုပေါင်း (၁၂၂၉)ပါးအတွက် ဆန် (၂၆၀)အိတ်၊ ဆီ(၆၄၉.၅) ပိဿာ၊ ပဲ (၆၄၉.၅)ပိဿာ၊ ဆား(၆၄၉.၅) ပိဿာတို့အား ဆက်ကပ်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


