လက်ပံတန်း ၁၀ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် မှုခင်းများ လျော့နည်းကျဆင်းစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အထက ခမုံဆိပ်ကျောင်းတွင် ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ အမှတ်(၂) တပ်ဖွဲ့စိတ်(သာယာဝတီ)မှ ဒုရဲအုပ် ထွန်းညွန့်က လူမှောင်ခို/လူကုန်ကူးမှု အဓိပ္ပာယ်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် လူကုန်ကူးမှု အမျိုးအစားများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုရဲအုပ်သန့်ဇင်စိုးမှ မူးယစ်ဆေးဝါးအဓိပ္ပာယ်နှင့် အမျိုးအစားများ၊ ခေတ်အဆက်ဆက် ပြဋ္ဌာန်းခဲ့သော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး ဥပဒေများ၊ အက်ဥပဒေများ၊ အမိန့်များ အား ပရိုဂျက်တာဖြင့် ပြသရှင်းလင်းခဲ့သည်။
ဟောပြောပွဲသို့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ အမှတ်(၂) တပ်ဖွဲ့စိတ်(သာယာဝတီ)မှ ရဲအုပ်လှနိုင်ကိုနှင့် တပ်ဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား မိဘများ စုစုပေါင်း ၈၅၀ ခန့် တက်ရောက်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စုဝေလွင်(ပြန်/ဆက်)
