လက်ပံတန်း ၂၉ မတ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရေး လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေး ဦးစီးဌာနတို့၏ စီစဉ်မှုဖြင့် ပြည်သူပူးပေါင်းပါဝင်သည့် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ် တိုက်ဖျက်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ ပါဝင်လျက် ယမန်နေ့နံနက် ၇ နာရီမှ စတင်ကာ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရာတွင် လက်ပံတန်း ကျွန်းကလေးတာဆုံ၌ မြို့နယ်အတွင်း ဖြတ်သန်းသွား လာကြသည့် ခရီးသွားယာဉ်များနှင့် လက်ပံတန်းဘူတာတို့တွင် ခရီးသည်များ၊ မြို့မဈေးတွင် စျေးရောင်းချသူများ၊ စျေးဝယ်ယူသူများအား ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်းများ၊ ဆိုင်ခန်းများ ပိုးသတ်ဆေးဖျန်းခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဆောင်ရန်၊ ရှောင်ရန်နည်းစနစ်များ ပြောကြားခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသံချဲ့စက်များဖြင့် ပြည်သူများ လိုက်နာဆောင်ရွက်ရန် လိုအပ်မည့် အသိပေး နှိုးဆော်ချက်များကိုလည်း နေ့စဉ် ဆော်ဩပေးလျက်ရှိကြောင်း သိရသည်။
ဝင့်နန္ဒာဌေး


